ဂျပန်ယန်းနဲ့ တရုတ်ယွမ်ငွေကိုပါ ကုန်သွယ်မှုတွေမှာ ပေးချေရှင်းလင်းနိုင်ဖို့ ခွင့်ပြုလိုက်ပြီ

နယ်စပ်ကနေ အဓိကတင်ပို့နေတဲ့ ပို့ကုန်တွေဟာမြန်မာဘက်ကတရားဝင်ဖြစ်ပေမယ့် တရုတ်ဘက်ကတရားဝင်ခွင့်ပြုထားတာမဟုတ် ဓာတ်ပုံ မူပိုင် Sai khin Maung
Image caption နယ်စပ်ကနေ အဓိကတင်ပို့နေတဲ့ ပို့ကုန်တွေဟာမြန်မာဘက်ကတရားဝင်ဖြစ်ပေမယ့် တရုတ်ဘက်ကတရားဝင်ခွင့်ပြုထားတာမဟုတ်

ကုန်သွယ်မှုလမ်းကြောင်းတွေရဲ့ ငွေပေးချေရှင်းလင်းမှုတွေမှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုကိုသာ ခွင့်ပြု ထားခဲ့ရာက ဂျပန် ယန်းနဲ့ တရုတ်ယွမ်ငွေကို ပါ လိုင်စင်ရဘဏ်တွေကိုအသုံးပြုပြီး သုံးစွဲရှင်း လင်းနိုင်ဖို့ကို ကန့်သတ်ချက်အချို့နဲ့အတူ ဗဟိုဘဏ်ကခွင့်ပြုပေး လိုက်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၀ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်ကထုတ်ပြန်လာတဲ့ ကြေညာချက်အရ နိုင်ငံတကာ ငွေပေးချမှုတွေကို နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေကို အသုံးပြုပြီး စာရင်းရှင်းလင်းတာ တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

'' အခုလိုခွင့်ပြုလိုက်တဲ့အတွက် ကြိုဆိုပါတယ်။ အရင်ကတော့ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရာမှာ တရုတ်ယွမ် ငွေ အကောင့်ရှိလည်း ဒီမှာက ခွင့်မပြုထားတော့ဒေါ်လာနဲ့တဆင့် လဲပြီး ဒေါ်လာအကောင့်နဲ့ယူရိုအကောင့် တွေကိုသာ လွှဲပြောင်းပေးအပ်တာ ရယူတာတွေကို လုပ်ရတဲ့ အတွက် အလုပ်ပိုရှုပ်ခဲ့တယ်။ အခုတော့ ငွေလဲနှုန်းအဆင့်ဆင့်ကြောင့် ဆုံးရှုံးတာတွေမဖြစ်တော့ဘူး'' လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုးထွန်းကဘီဘီစီကိုပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့နေရာမှာ နယ်စပ်ကတဆင့်ကုန်သွယ်မှုတွေက အများဆုံး ရှိနေတာ ဖြစ်ပြီး ကုန်သည်တွေအနေနဲ့ ငွေပေးချေတာတွေလုပ်ရာမှာ ယွမ်ငွေကိုဘဏ်တွေက နေတဆင့်တရားဝင် လွှဲပြောင်းရယူတာမျိုး မလုပ်နိုင်တဲ့အတွက် နစ်နာမှုတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော်တို့ ဒီဘက်က ပို့တာတွေအတွက် တရုတ်ဘဏ်မှာ အကောင့်ဖွင့်ထားပြီး ယွမ်ငွေကိုလက်ခံ ရတာပေါ့ ။အဲ့လိုလုပ်တဲ့အခါမှာ တရုတ်ဘက်ကို ကျွန်တော်တို့ ကုန်သည်တွေရဲ့ အကောင့်ကို တရားမဝင် ငွေ ကြေးတွေဝင်တယ်ဆိုပြီး မကြာခဏ ပိတ်လေ့ရှိတယ်။ ပြန်ရတာများပေမယ့် ဆုံးတာတွေလည်းရှိတယ်။ တကယ်လို့သာ ကျွန်တော်တို့ နယ်စပ် က ကုန်သည်တွေပါ ဒီဖြေလျှော့ပေးတာကို သုံးခွင့်ရမယ်ဆို ဝမ်းသာစရာပဲ။ တရုတ်ဘဏ်မှာ ငွေမထားချင်တော့ဘူး။'' လို့မူဆယ်နယ်စပ်ဆန်ကုန်သည် အသင်းဒုတိယ ဥက္ကဌဖြစ်တဲ့ ဦးမင်းသိန်းကဘီဘီစီကိုပြောပါတယ်။

ဗဟိုဘဏ်ရဲ့ လတ်တလောဖြေလျှော့ပေးချက်မှာ လိုင်စင်ရဘဏ်အချင်းချင်း အပြန်အလှန်စာရင်းဖွင့်ပြီး စာရင်းရှင်း လင်းပေးချေတာမျိုးကိုသာခွင့်ပြုထားပြီး လူတစ်ဦးချင်းနဲ့ တရားဝင်အဖွဲ့အစည်းတွေ အနေနဲ့ ငွေစာရင်းဖွင့် လှစ်ခွင့်တော့မပါသေးပါဘူး။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးရဲ့ သကြား ဆန်အပါအဝင် ကုန်သွယ်မှုအတော်များများမှာ မြန်မာနိုင်ငံ ဘက်ကသာ တရားဝင်ဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံထားတာမျိုး မရှိသေး တဲ့အတွက် အဆိုပါကုန်သွယ်မှုတွေအတွက်တော့ ဘဏ်အချင်းချင်း ငွေစာရင်းလွှဲပြောင်းတာမျိုးကို လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ