၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပူးပေါင်းကော်မတီဖွဲ့ရေး တိုက်တွန်းတဲ့ အဆိုကို လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရ

ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်ထောင်စု လွှတ်တော်အစည်းအဝေးထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ပူးပေါင်းကော်မတီဖွဲ့စည်းရေး လွှတ်တော်ကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးက အကြိတ်အနယ်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဖို့ရာမှာ ပူးပေါင်းကော်မတီဖွဲ့စည်းဖို့လိုတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြသလို ဖွဲ့စည်းပုံဥပဒေကို အမြန်ဆုံးပြင်ဖို့လိုတယ် ဆိုပြီးတော့လည်း ဆွေးနွေးခဲ့ကြပါတယ်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ သိန္နီမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းရဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လွှမ်းမိုးထားတယ်ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ပေးဖို့ တပ်ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့တဲ့အထိ ဖြစ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က တပ်ကိုယ်စားလှယ် တင်ပြတဲ့အပိုင်းကို မှတ်တမ်းကနေ ပယ်ဖျက်ပေးမယ်လို့ သဘောတူခဲ့ပါတယ်။

တပ်ကိုယ်စားလှယ်က 'ဖွဲ့စည်းပုံဥပဒေအရ လွှတ်တော်ဟာ လွတ်လွတ်လပ်လပ်ပြောခွင့်ရှိတယ်ဆိုပေမယ့် စည်းကမ်းတွေ ကျင့်ဝတ်တွေကို လိုက်နာရမယ်၊ အခုပြောဆို ဆွေးနွေးချက်ဟာ အဆိုနဲ့ တိုက်ရိုက်မသက်ဆိုင်ဘဲ အဖွဲ့အစည်းတစ်ခုခုကို အထင်မှား အမြင်မှား ဖြစ်စေတဲ့အတွက်ကြောင့် ပြောဆိုချက်ကို ပယ်ဖျက်ပေးပါ' လို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ၅၉ (စ) ပြင်မှာလား၊ ၄၃၆ ပြင်မှာလား

အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မဲဆန္ဒနယ်က NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က 'ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ အုပ်ချုပ်သူအစိုးရရော ပြည်သူတွေကပါ လေးစားလိုက်နာရပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဖွဲ့စည်းပုံ ပြင်ရေးကော်မတီ ဖွဲ့ရမယ်ဆိုတဲ့ ပုဒ်မပါသလို မဖွဲ့ရဘူးဆိုတဲ့ ပုဒ်မလည်း မပါပါဘူး၊ ဒါ့ကြောင့် တိုင်းပြည်အကျိုးကို မျှော်မှန်းပြီး ဖွဲ့စည်းပုံပြင်ရေးကော်မတီဖွဲ့ဖို့ အဆိုကို ထောက်ခံပါတယ်' လို့ ဆွေးနွေးခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်က NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီလ ၂၉ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတဲ့အထဲပါတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။

ကြံ့ခိုင်ရေးပါတီက မင်းကင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြတ်လမ်းနည်းနဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတာ ပေါ်လွင်တယ်ဆိုပြီးတော့ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

Image caption လုပ်ထုံးကို ကျော်လုပ်တာကို လက်မခံနိုင်ဘူးလို့ တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်

'ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းတွေအရ ပြင်သင့်တာကို ပြင်ရမယ်ဆိုတာကို လက်ခံပါတယ်၊ လုပ်ထုံးတွေကို ကျော်လွန်တာကို လက်မခံပါဘူး၊ လုပ်ခဲ့ရင်လည်း တရားဝင် ဖြစ်လာမှာ မဟုတ်ဘူး' ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ကန့်ကွက်ပြောခဲ့ပါတယ်။

ကိုယ်စားလှယ် ၃၁ ဦးအထိ ဆွေးနွေးခဲ့ကြတဲ့ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆိုကို မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ဒုဥက္ကဌက လွှတ်တော်မှာ ရှင်းလင်းပြောကြားမှာဖြစ်ပြီး ဒီနောက်တော့ မဲခွဲအတည်ပြုကြဖို့ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ