အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ပြီး လက်နက်ကိုင် ၄ ဖွဲ့ကို ဖေ့စ်ဘုတ်ပိတ်ပင်

Image caption တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ရဲ့ အလံများ

ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့၊ ကိုးကန့်တပ် MNDAA ၊ ကချင်လက်နက်ကိုင် KIA နဲ့ တအာင်း TNLA အဖွဲ့တို့ကို ဖေ့စ်ဘုတ်ပေါ်ကနေ ပိတ်ပင် လိုက်တယ်ဆိုပြီး ဖေ့စ်ဘုတ် ကုမ္ပဏီက ကြေညာပါတယ်။

အဲဒီတပ်ဖွဲ့တွေကို ကိုယ်စားပြုသူတွေ၊ ထောက်ခံ အားပေးသူတွေရဲ့ အကောင့်တွေ စာမျက်နှာတွေကိုလည်း သတိထားမိလာတာနဲ့ အမျှ ချက်ခြင်း ဖယ်ရှားသွားမယ်လို့လည်း ဆိုပါတယ်။

အဲဒီအဖွဲ့တွေကို ဖေ့စ်ဘုတ်ကနေ ပိတ်ရတဲ့ အဓိက အကြောင်းပြချက်က အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတဲ့ အတွက်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဖေ့စ်ဘုတ် သုံးကြသူတွေကြား သွေးထွက်သံယို ဖြစ်ရပ်တွေ ပြုမူသူတွေနဲ့ လှုံဆော်မှုတွေကို ထိန်းချုပ်နိုင်ရေး အတွက် ပြီးခဲ့တဲ့နှစ်က စလို့ ကုမ္ပဏီဘက်က ဆောင်ရွက် နေခဲ့တယ်လို့ ဆိုပါတယ်။

Image caption ဖေ့စ်ဘုတ်က မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ၄ ဖွဲ့ကို ပစ်မှတ်ထားလာ

လူမျိုးစုတွေကြား ပေါ်ပေါက်နေတဲ့ပဋိပက္ခတွေဟာ အင်မတန် ထိန့်လန့်ဖို့ကောင်းပြီး အမုန်းတရား ဖြန့်ချိတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာနဲ့ မြေပြင်အခြေအနေ ပိုဆို ရွားလာအောင် ပြုမူတာတွေမှာ ဖေ့စ်ဘုတ်ကို အသုံးချတာမျိုး အဖြစ်မခံနိုင်ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။

အခု ပိတ်ပင်လိုက်တဲ့ အဖွဲ့တွေ အနေနဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံတွင်း သွေးထွက်သံယို အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင် လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားတဲ့ သက်သက် အထောက်အထားတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Image caption ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူဖို့ ကြိုးစာရင်း အစိုးရတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ AA
Image caption အင်အားကြီး တိုင်းရင်းသား အဖွဲ့ ဖြစ်တဲ့ KIA

ဖေ့စ်ဘုတ်ကို အသုံးချပြီး အကြမ်းဖက်မှုကို လှုံ့ဆော် ထောက်ခံတာမျိုး ဘယ်လို အဖွဲ့အစည်းက ကျုးလွန်တာမျိုးကိုမှ လက်မခံဘူးလို့လည်း ဖေ့စ်ဘုတ်က ပြောပါတယ်။

အစိုးရ အာဏာပိုင်တွေဘက်က ဖြစ်စေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းက ဖြစ်စေ ကျူးလွန်တဲ့ သွေးထွက်သံယို အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ဘက်က ဘယ်လို မူဝါဒမျိုးတွေ ကိုင်စွဲပြီး ချဉ်းကပ်ရမလဲ ဆိုတာကို အမြဲတမ်း ဆန်းစစ် နေတယ်လို့လည်း ဆိုပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ပေါ်ပေါက်တဲ့ သွေးထွက်သံယို အကြမ်းဖက် ဖြစ်ရပ်တွေရဲ့ အရင်းခံ အကြောင်းတွေဟာ အင်မတန် ရှုပ်ထွေးတယ်လို့ ဖေ့စ်ဘုတ်က ဝန်ခံရင်းမှာပဲ သူတို့လို လူမှုကွန်ရက် တည်ထောင်ထားတဲ့ ကုမ္ပဏီ အနေနဲ့ ဒီ အကျပ်အတည်း ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်း နိုင်စွမ်း မရှိပေမယ့် လှုံ့ဆော်မှုတွေ၊ အမုန်းတရား ဖြန့်မှုတွေ ထိန်းချုပ်ရေးကိုတော့ စွမ်းသလောက် လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် CHINESE DEFENSE BLOG
Image caption လောက်ကိုင်တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ကိုးကန့်တပ်
Image caption အခုနှစ်ပိုင်းတွေထဲ တိုက်ပွဲတွေ ပိုဖော်လာခဲ့တဲ့ တအာင်းတပ် TNLA

ဖေ့စ်ဘုတ်ကုမ္ပဏီဟာ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ အမုန်းတရား အခြေခံ ရာဇဝတ်မှုတွေ၊ သတင်းမှားတွေကို ကိုင်တွယ် ထိန်းချုပ်ဖို့ ပျက်ကွက် ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အစိုးရ စစ်တပ် အကြီးအကဲ အပါအဝင် စစ်တပ်နဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့ အကောင့်တု၊ အကောင့်ပုန်းတွေပါ ရာနဲ့ချီ ဖျက်သိမ်းတာမျိုးတွေ ပြုလုပ် ခဲ့ပါတယ်။

အခုတခါ ဖေ့စ်ဘုတ်ဘက်က ပစ်မှတ်ထား လာတာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပြီး အထူးသဖြင့် အစိုးရတပ်နဲ့ကြား လက်နက်ကိုင် ပဋိပက္ခတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တဲ့၊ ပေါ်ပေါက်နေတဲ့ အဖွဲ့တွေ ဖြစ်တာ တွေ့ရပါတယ်။