လူမျိုးစုလက်နက်ကိုင်တွေအပေါ် ဖေ့စ်ဘုတ်ရဲ့ အရေးယူမှုက ထိရောက်သလား

ဖေ့စ်ဘုတ်
Image caption မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဖေ့စ်ဘုတ် ပစ်မှတ်ထားလာ

အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက တစ်ဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့ လက်နက်ကိုင်တပ် ကေအိုင်အေ အပါအဝင်၊ ကေအိုင်အေနဲ့ နီးစပ်တဲ့ တခြား လူမျိုးစုလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ အပေါ် ဖေ့စ်ဘုတ်ဘက်က ပစ်မှတ်ထား ပိတ်ပင်တာတွေ ပြုလုပ်လာပါတယ်။

အန္တရာယ်ကြီးတဲ့ အဖွဲ့တွေ အဖြစ် သတ်မှတ်ပြီး ပိတ်ပင်ရတာ ဖြစ်တယ်လို့ ဖေ့စ်ဘုတ်ဘက်က ပြင်းပြင်းထန်ထန် ပြောပြီး အဲဒီ ၄ ဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို သာမက အဲဒီအဖွဲ့တွေကို အားပေးသူ၊ ထောက်ခံ သူတွေကိုပါ ပိတ်ပင်မှာ ဖြစ်တယ်ဆိုပြီး ဖေ့စ်ဘုတ်က ထုတ်ပြန်ပါတယ်။

အရပ်သားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်တချို့အတွက် အဲဒီ အဖွဲ့တွေမှာ တာဝန်ရှိကြောင်း သက်သေ အထောက်အထားတွေ ထင်ထင်ရှားရှား ရှိနေတယ်လို့ ဖေ့စ်ဘုတ်က ဆိုပေမယ့် ဘယ် အဖြစ်အပျက်တွေလည်း ဆိုတဲ့ အသေးစိတ်ကို ပြောတာမျိုးတော့ မတွေ့ရပါဘူး။

မြန်မာပြည်မှာ လူမျိုးစု ကွဲပြားခြင်းအပေါ် အခြေခံတဲ့ ပဋိပက္ခတွေဟာ တုန်လှုပ်ဖွယ်ရာ ဖြစ်ပြီး အမုန်းတရား ဖြန့်တာမျိုး၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးနဲ့ မြေပြင် အခြေအနေ တင်းမာမှုကို ပိုဆိုးရွား စေတာမျိုးတွေအတွက် ဖေ့စ်ဘုတ်ဟာ အသုံးချခံနေရာ မဖြစ်လိုဘူးလို့ ဆိုပါတယ်။

Image caption မြန်မာပြည်မှာ လူသုံးအများဆုံး လူမှုကွန်ရက်ဟာ ဖေ့စ်ဘုတ်ဖြစ်ပြီး သုံးစွဲသူ သန်း ၂ဝ ဝန်းကျင် ရှိနိုင်တယ်လို့ စောင့်ကြည့်အဖွဲ့တချို့က ဆိုပါတယ်။

ဘယ်လို ဖေ့စ်ဘုတ် အကောင့်တွေ၊ စာမျက်နှာတွေ အပိတ်ခံရလဲ

ရက္ခိုင့်တပ်မတော် အေအေရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ် စာမျက်နှာဟာ အပိတ် ခံထားရတာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ဖြစ်ပါတယ်။

အပိတ်ခံရခါစတုန်းကတော့ အဲဒီ စာမျက်နှာကို တာဝန်ယူကိုင်တွယ်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မေးမြန်း စိစစ်တာမျိုးတွေ ဖေ့စ်ဘုတ်ဘက်က လုပ်ခဲ့ပြီး အပြီးတိုင် ပိတ်လာမယ့် အရိပ်အယောင်မျိုး သတိမထားမိခဲ့ဘူးလို့ အေအေ အဖွဲ့က ပြောပါတယ်။

အခုအခါမှာတော့ အေအေအဖွဲ့သာမက မြောက်ပိုင်း မဟာမိတ် အဖွဲ့ ခေါင်းစဉ်အောက် ပေါင်းစည်းထားတဲ့ တခြား လက်နက်ကိုင်တပ်တွေထဲကမှ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ရှိနေခဲ့တဲ့ အဖွဲ့ ၃ ဖွဲ့ကိုပါ ဖေ့စ်ဘုတ်က နာမည်တပ် စွပ်စွဲတာတွေ ပြုလုပ်ပြီး အကောင့်တွေ ပိတ်ပင်ကြောင်း ကြေညာလာပါတယ်။

ဒါပေမယ့် အဲဒီ အဖွဲ့ ၄ ဖွဲ့တင်မက မြောက်ပိုင်း မဟာမိတ် အဖွဲ့ နာမည်အောက် စုစည်း ထားတဲ့ တခြား အဖွဲ့တွေ အပေါ်မှာပါ အနည်းနဲ့အများ ဆိုသလို သက်ရောက် ရိုက်ခတ် ခံရပါတယ်။

အကြောင်းကတော့ အစိုးရ၊ အစိုးရ တပ်မတော်တို့နဲ့ နိုင်ငံရေး အရ ဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် လက်နက်ကိုင်တပ်တွေကို ကိုယ်စားပြုပြီး ညှိနှိုင်းတာတွေ ပြုလုပ်ဖို့ ဖွဲ့ထားတဲ့ FPNCC ဆိုတဲ့ ညွန့်ပေါင်း အဖွဲ့ရဲ့ စာမျက်နှာကိုပါ ဖေ့စ်ဘုတ်က ဖျက်သိမ်းလိုက်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

FPNCC ဆိုတာ ဖေ့စ်ဘုတ်က နာမည်တပ် ပြောလာတဲ့ အဖွဲ့ ၄ ဖွဲ့တင်မက ဝတပ် UWSA ၊ မိုင်းလား NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အက်စ်အက်စ်အေ မြောက်ပိုင်းတပ် SSPP/SSA တို့ပါ ပူးပေါင်း ဖွဲ့ထားတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကူးလ်တက် - ဖေ့စ်ဘုတ် ဒေတာ ပေါက်ကြားမှု

ပိတ်ပင်ရတဲ့ အရင်းခံ ပြဿနာကို တကယ်တမ်း ကိုင်တွယ်နိုင်လား

ဖေ့စ်ဘုတ်က စတင် ပစ်မှတ်ထား အရေးယူခဲ့တာ အစိုးရ စစ်တပ်ဖြစ်ပြီး အခု ၂ဝ၁၉ နှစ်စမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပါ ကိုင်တွယ်လာတာ ဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် ပစ်မှတ်ထားပြီး ဖေ့စ်ဘုတ် အကောင့်တွေ၊ စာမျက်နှာတွေ ဖျက်သိမ်းခဲ့စဉ်တုန်းကတော့ အဓိက ရိုဟင်ဂျာ အကြပ်အတည်းနဲ့ တိုက်ရိုက် သက်ဆိုင်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ အမုန်းတရားတွေ၊ တိုက်ခိုက်အောင် လှုံ့ဆော်ခဲ့မှုတွေကို ဖေ့စ်ဘုတ်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရ တချို့ရဲ့ ပြစ်တင် ဝေဖန်သံတွေ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် တိုက်ခိုက်မှုတွေမှာ အဓိက တာဝန်ရှိသူတွေဟာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ဖြစ်တယ်ဆိုတဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စုရဲ့ စွပ်စွဲမှုတွေနဲ့ လိုက်လျောညီထွေပဲ နိုင်ငံတကာ ဖိအားတွေ အောက်က ဖေ့စ်ဘုတ်ကလည်း မြန်မာ အစိုးရ စစ်တပ်အပေါ် ပစ်မှတ်ထာတဲ့ အရေးယူ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အစိုးရတပ်နဲ့ ဆက်စပ်နေတယ်လို့ ဆိုတဲ့ အကောင့်တု အကောင့်ပုန်းတွေ ရာနဲ့ချီပြီးတော့လည်း နောက်ဆက်တွဲ ဖျက်သိမ်းတာတွေ လုပ်ခဲ့ကြောင်း ဖေ့စ်ဘုတ်က ကြေညာခဲ့ပါတယ်။

အခုတခါ အလှည့်ကျလာသူတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်နေပြီး အရပ်သားတွေအပေါ် ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်ကို ဖေ့စ်ဘုတ်ဘက်က အဓိက ပေးပါတယ်။

လက်တွေ့မြေပြင်မှာ သွေးထွက်သံယိုမှု ဖြစ်စေလို့၊ အမုန်းတရားနဲ့ သတင်းမှားတွေ ဖြန့်လို့ ဆိုတဲ့ အကြောင်းပြချက်တွေ ဖေ့စ်ဘုတ်က ပေးပေမယ့် အဲဒီ အရင်းခံ ပြဿနာတွေ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အဝေးကြီး လိုသေးတယ်လို့ လူမှုကွန်ရက် သုံးစွဲမှု စောင့်ကြည့်နေသူ သုတေသီတွေက ထောက်ပြကြပါတယ်။

Image caption အဖွဲ့ ၄ ဖွဲ့ကို ပစ်မှတ်ထားတာဟာ အစိုးရရဲ့ တောင်းဆိုမှုကြောင့်လားလို့ အေအေက မေးခွန်းထုတ်ပါတယ်။

ဖေ့စ်ဘုတ်လုပ်ဆောင်မှု မထိရောက်ဘူးလို့ ဘာလို့ ပြောနိုင်ရတာလဲ

ဖေ့စ်ဘုတ်ရဲ့ လုပ်ဆောင်မှုဟာ မထိရောက်ဘူး၊ အမုန်းတရားလှုံ့ဆော်တာ၊ သတင်းမှား ဖြန့်တာကို ထိန်းချုပ်နိုင်ဖို့ နေနေသာသာ "ခုတ်ရာတခြား ရှရာတလွဲ" ဖြစ်နေတယ် ဆိုပြီး လူမှုကွန်ရက်ပေါ် လှုပ်ရှားမှုတွေကို စောင့်ကြည့် သုတေသနလုပ်နေတဲ့ ကိုမြတ်သူက ပြောပါတယ်။

ကိုမြတ်သူ ထောက်ပြတဲ့ အချက် ၃ ချက် ရှိပါတယ်။

၁။ ကေအိုင်အေ စာမျက်နှာကို ပိတ်တယ်ဆိုပေမယ့် ဖေ့စ်ဘုတ်က ပိတ်သိမ်းတဲ့ စာမျက်နှာဟာ ၂ဝ၁၆ လောက်ကတည်းက လှုပ်ရှားမှုမရှိ၊ ပို့စ်တွေ အသစ် မတင်တော့တဲ့ စာမျက်နှာ ဖြစ်တယ်။

၂။ တရားဝင် ထုတ်ပြန်ကြေညာချက်တွေလောက်သာ တင်လေ့ ရှိတဲ့ FPNCC ရဲ့ စာမျက်နှာလည်း ပါသွားတယ်။

၃။ အဖွဲ့ ၄ ဖွဲ့ ကို ပစ်မှတ်ထား ပိတ်တယ် ပြောပေမယ့် ဥပမာ - အေအေ ပြန်ကြားရေး စာမျက်နှာကို ပိတ်ချိန်မှာ အေအေပြန်ကြားရေး နာမည်ခံ အကောင့်တုတွေကတော့ ဖေ့စ်ဘုတ်ပေါ် ပလူပျံအောင် ဆက်ရှိနေပြီး ရခိုင်-ဗမာ သွေးခွဲတဲ့ အမုန်းတရားတွေ အင်တိုက်အားတိုက် ဖြန့်တာ၊ ဘယ်ဘက်က ဘယ်လောက် သေသွားပြီ ဆိုတာမျိုး တိုက်ပွဲသတင်းတုတွေ တွင်တွင်ကျယ်ကျယ် ဖြန့်တာမျိုးတွေ ဆက်လုပ်နေတယ်။

အဲဒီ အချက် ၃ ချက်ကို ကြည့်ရင် ဖေ့စ်ဘုတ်ပေါ် သတင်းမှား ဖြန့်တာ အမုန်းတရားပြောတာ ရပ်နိုင်ဖို့၊ အပြင်ဘက်က တကယ့် မြေပြင်မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်မလာအောင် တားဆီးဖို့ ဆိုတဲ့ ဖေ့စ်ဘုတ်ရဲ့ ရည်မှန်းချက်တွေဟာ တကယ်တမ်း မထိရောက်လှဘူးလို့ ကိုမြတ်သူက သုံးသပ်ပါတယ်။

အစိုးရတပ်မတော်ကို ပစ်မှတ်ထား ပိတ်ပင်ခဲ့တဲ့နောက် အစိုးရတပ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အပေါ်မှာပါ အရေးယူပြတာမျိုးနဲ့ ဘက်လိုက်မှု မရှိကြောင်း ဖေ့စ်ဘုတ်ဘက်က ပြသလိုတာ ဖြစ်နိုင်တယ်လို့လည်း ကိုမြတ်သူက ဆိုပါတယ်။

ဖေ့စ်ဘုတ်က ဒီတစ်ကြိမ်မှာ မြန်မာအစိုးရဘက်ကို လိုက်သလား

အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အတွက် တာဝန်ရှိတဲ့ အဖွဲ့တွေ၊ အန္တရာယ်ကြီးတဲ့ အဖွဲ့တွေ ဆိုပြီး ဖေ့စ်ဘုတ်က ရည်ညွှန်း ပြောဆိုမှုတွေကို အေအေအဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ခါးခါးသီးသီး ကန့်ကွက်ပါတယ်။

အေအေပြန်ကြားရေး စာမျက်နှာဟာ ရခိုင်ပြည်သူတွေဆီ သတင်းမှန်တွေ ရောက်ဖို့သာ ရည်ရွယ်တယ်ဆိုပြီး ခိုင်သုခက ပြောပါတယ်။

အေအေအဖွဲ့ကို အာဆာနဲ့ တစ်တန်းတည်း သဘောထားပြီး ချေမှုန်းဖို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်ဆိုတဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ထောက်ပြပြီး ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကို ရထားတဲ့ အေအေကို ချေမှုန်းမယ်လို့ ပြောဆိုတာမျိုးကသာ အမုန်းစကားပြောတာလို့ ခိုင်သုခက တန်ပြန် ပြောဆိုပါတယ်။

ဖေ့စ်ဘုတ်အဖွဲ့ဟာ မြန်မာအစိုးရရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး အခု တိုင်းရင်းသား ၄ ဖွဲ့ အပေါ် ပစ်မှတ် ထားလာတာ ဖြစ်တယ်လို့ ခိုင်သုခက စွပ်စွဲ ပြောဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ် ကုမ္ပဏီကို မြန်မာအစိုးရက ချဉ်းကပ်ခဲ့သလား ဆိုတဲ့ အချက်ကိုတော့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

အမုန်းတရားလား၊ လူမျိုးစု အရေးလား ဘယ်လို ခွဲခြားမလဲ

လက်နက်ကိုင် ၄ ဖွဲ့ ရဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို ပိတ်ရုံတင်မက ထောက်ခံသူ၊ အားပေးသူတွေကို သတိထားမိရင်လည်း ချက်ချင်း ဖယ်ရှားမယ်လို့ ဖေ့စ်ဘုတ်က သတိပေးထားပါတယ်။

စစ်ရေး ပဋိပက္ခထဲ ပါဝင် ပတ်သက်နေတဲ့ လက်နက်ကိုင် ၄ ဖွဲ့ အပေါ် အကြမ်းဖက် ဖြစ်ရပ်တွေ လှုံ့ဆော်လို့ ဆိုပြီး ပိတ်ပင်တဲ့အပြင် တကယ်လို့ ကိုယ့်ကြမ္မာကိုယ် စီရင်ခွင့်ရှိရေးလို နိုင်ငံရေး အတွေးအခေါ်တွေ၊ လူမျိုးစု အခွင့်အရေးတွေ၊ တန်းတူညီမျှရေးတွေကို ကချင်၊ ရခိုင် စသဖြင့် လူမျိုးအပေါ် အခြေခံပြီး ပြောဆိုလာရင်ရော ဖေ့စ်ဘုတ်ဘက်က ဘယ်လို သဘောထားမလဲ ဆိုတဲ့ မေးခွန်းမျိုး ပေါ်ပေါက်လာစေတယ်လို့ ဝေဖန်သူတချို့က ဆိုပါတယ်။

အဲဒီ လက်နက်ကိုင် ၄ ဖွဲ့ကို ထောက်ခံတာ မထောက်ခံတာနဲ့၊ လူမျိုးစု အခွင့်အရေး အခြေခံပြီး ကိုယ့်ရဲ့ သဘောထား ထင်မြင်ချက်တွေကို ပြောဆိုတာဟာ လုံးဝ ကွဲပြားတဲ့ ကိစ္စဖြစ်တဲ့ အတွက် မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်တဲ့ ဖေ့စ်ဘုတ်မြန်မာ အဖွဲ့ အနေနဲ့ ဒီလို ကိစ္စခြင်းရာတွေ အပေါ် ခွဲခြား သိနိုင်စွမ်း ရှိနေရမယ်လို့ သုတေသီ ကိုမြတ်သူက ပြောပါတယ်။

ဖေ့စ်ဘုတ်ပေါ် တင်သမျှ ပို့စ်တွေရဲ့ စာသား ရုပ်ပုံ ဗီဒီယိုတွေမှာ ဖေ့စ်ဘုတ်ဘက်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီလား၊ လွန်ကျူး ဖောက်ဖျက်သလား ဆိုတာကို ဆန်းစစ်ပြီး ပို့စ်တွေကို ဖြုတ်ချတာမျိုး၊ သတိပေးတာမျိုး၊ နောက်ဆုံး အကောင့်ကို ယာယီပိတ်တာမျိုးတွေ ပြုလုပ်ပြီး တင်သူ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတဲ့ အမှန်အတိုင်း အချက်အလက်တွေရရှိဖို့ ဖေ့စ်ဘုတ်က နောက်ပိုင်း ကြိုးစားလေ့ ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သတင်းတု သတင်းမှားတွေကို အစိုးရက ဘယ်လို ကိုင်တွယ်မလဲ - ပြန်ကြားရေးဒုဝန်ကြီးနဲ့ မေးမြန်းခန်း

တိုင်သူရှိလာတဲ့အခါ ပို့စ် တစ်ခုချင်းစီ အပေါ် ဖေ့စ်ဘုတ်က ဆန်းစစ်သလို၊ မြန်မာနိုင်ငံ အရေးလိုမျိုးကျတော့ နိုင်ငံတကာ ဖိအားလည်း ရှိနေတဲ့ အတွက် တိုင်သူ ရှိရှိ မရှိရှိ ဖေ့စ်ဘုတ် အဖွဲ့က ပို့စ်တွေကို စောင့်ကြည့်တာ၊ ဘယ်အဖွဲ့တွေရဲ့ ပို့စ်တွေလဲဆိုတာကို ထောက်လှမ်း ဖော်ထုတ်တာတွေ လုပ်ဆောင်ကြောင်း နားလည်ရတယ်လို့ ကိုမြတ်သူက ဆိုပါတယ်။

ဒီလို လုပ်ဆောင်တဲ့ အခါ မြန်မာ့ နိုင်ငံရေး ပကတိ အခြေအနေ၊ လက်တွေ့ မြေပြင် အနေအထားတွေ အပေါ် နားလည်သူတွေ ပါဝင်ဖို့ အရေးကြီးတယ်လို့လည်း ကိုမြတ်သူက ပြောပါတယ်။

လက်ရှိ အနေအထားရတော့ အမုန်းစကားနဲ့ သတင်းမှားတွေကို ထိန်းချူပ်ဖို့ ဆိုပြီး အစိုးရ စစ်တပ်ဘက်ကိုရော၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့တချို့ကိုပါ ပစ်မှတ်ထားပြီး အကောင့်တွေ ဖျက်သိမ်းတာမျိုး ဖေ့စ်ဘုတ်ကုမ္ပဏီက လုပ်ဆောင်လာပေမယ့် ဖေ့စ်ဘုတ်ပေါ်မှာတော့ လူမျိုးရေး အခြေခံ အမုန်းတရားနဲ့ ဝါဒဖြန့် သတင်းမှားတွေကို ပေါပေါများများ တွေ့နေရဆဲ ဖြစ်တယ်လို့ သုတေသီတွေက ထောက်ပြကြပါတယ်။