ကော်မတီဖွဲ့ရေး အဆိုတော့နိုင်ပြီ၊ တပ်ကိုယ်စားလှယ်တွေကတော့ ဆန့်ကျင်မြဲ

ဖွဲ့စည်းပုံ ဓာတ်ပုံ မူပိုင် EPA
Image caption NLD အာဏာရပြီး ၃ နှစ် အကြာ ဖွဲ့စည်းပုံပြင်ရေး စတင်လုပ်လာ

၂ဝဝ၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် ၂ရပ်လုံးက တပ်ကိုယ်စားလှယ်တွေ အပါအဝင်၊ ပါတီကြီး ပါတီငယ် နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် အစုအဖွဲ့အားလုံးကို သင့်လျော်တဲ့ အရေအတွက်နဲ့ အချိုးကျပါဝင်စေပြီး မကြာမီ ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ NLD ပါတီဘက်က တင်သွင်းထားတဲ့ အရေးကြီးအဆိုဟာ ဖေဖေါ်ဝါရီ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ ပြည်တော်စု လွှတ်တော်ထဲ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။

အယောက် ၂ဝဝ နီးပါး ရှိတဲ့ တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့ကြားကပဲ လွှတ်တော်ထဲ NLD အမတ်တွေ လွှမ်းမိုး ထားတာနဲ့ အညီ ထောက်ခံမဲ ၄၁၄ မဲနဲ့ အနိုင်ရခဲ့ပါတယ်။

လွှတ်တော် နာယက ဦးတီခွန်မြတ်က အစုအဖွဲ့ အားလုံး အချိုးကျ ပါဝင်စေရမယ်လို့ ဆိုပေမယ့် အဲဒီ ပူးပေါင်း ကော်မတီထဲ တပ်ကိုယ်စားလှယ်တွေ တကယ်တမ်း ပူးပေါင်းမလား ဆိုတာကတော့ မသေချာလှပါဘူး။

ဒါ့အပြင် ကော်မတီကို မကြာခင် အကောင်အထည် ဖော်မယ်လို့ ပြောပေမယ့် အသေးစိတ် အစီအစဉ်တွေကို မသိရ သေးပါဘူး။

ဓာတ်ပုံ မူပိုင် EPA
Image caption အစုအဖွဲ့အားလုံး အချိုးကျ ပါဝင်နိုင်ခွင့် ရှိတယ်လို့ အာမခံတဲ့ ပြည်ထောင်စု လွှတ်တော် နာယက

ပူးပေါင်း ကော်မတီထဲ ပါဝင်လိုတဲ့ ပါတီ အစုအဖွဲ့ ဖြစ်စေ၊ တသီးပုဂ္ဂလ ဖြစ်စေ စာရင်း ပေးကြရမှာ ဖြစ်ပြီး အဲဒီ အထဲကမှ အချိုးကျ ရွေးသွားမှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ကော်မတီ အရင်ဖွဲ့တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုတဲ့ အမြင်နဲ့ ဆန့်ကျင် နေကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ ဆက်ပြီး ကော်မတီထဲ ပူးပေါင်းမလာမယ့် အပေါ် စိုးရိမ်စိတ် ရှိနေကြတယ်လို့ အိမ်မဲမြို့နယ် က NLD ပြည်သူ့ လွှတ်တော် အမတ် မသန္တာက လွှတ်တော်ထဲက အခြေအနေကို ပြန်ပြောင်း ပြောပါတယ်။

တိုင်းရင်းသားပါတီ တွေရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ ဖက်ဒရယ်စနစ် ကိုသွားဖို့ရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုပြင်ဖို့လိုတာ ကြောင့် ပူးပေါင်း ကော်မတီ ပေါ်ပေါက်လာရေးကို ထောက်ခံခဲ့ပါတယ်။

ဒီတော့ ပူးပေါင်း ကော်မတီ အနေနဲ့ အခြေခံ ဥပဒေပါ ဘယ် အချက်တွေ ပြင်မလဲဆိုတာ ဆန်းစစ်သွားကြမှာ ဖြစ်ပါတယ်။

ပြင်ရခက်နိုင်တဲ့ ပုဒ်မ ၄၃၆ လို အရာမျိုးတွေ အပေါ် အာရုံစိုက်တာထက် စာရင် ဖက်ဒရယ် စနစ်ကို ဖော်ဆောင် နိုင်ရေးကို အထောက်အကူ ဖြစ်နိုင်တဲ့ ပုဒ်မတွေကို ဦးစားပေး ပြင်လာနိုင်တယ် ဆိုပြီး ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ ဦးမြတ်သူက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကော်မတီ အရင်ဖွဲ့တာ လုပ်ထုံးကို ဆန့်ကျင်နေတယ် ဆိုပြီး တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်

၂ဝဝ၈ အခြေခံဥပဒေဟာ မြန်မာ့ တပ်မတော်အခန်းကဏ္ဍကို ထည့်သွင်း ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပါတယ်။

အုပ်ချုပ်ရေး ဥပဒေပြုရေး တို့မှာ တပ်ရဲ့ အခန်း ကဏ္ဍကို ထည့်သွင်းရေးဆွဲထားပြီး အခြေခံဥပဒေကို ပြင်ဖို့ဆိုရင် လက်ရှိဥပဒေအရ တပ်က အလိုလျောက်ခန့်အပ်တဲ့ ကိုယ်စားလှယ် ၁၆၆ ဦးထဲက အနည်းဆုံး တစ်ဦး ကမထောက်ခံရင် တော့ ပြင်ဆင်ဖို့ မလွယ်ဘူးလို့ ဥပဒေ ပညာရှင်တွေကပြောပါတယ်။

ပုဒ်မ ၄၃၆ ဆိုတာကလည်း အခြေခံဥပဒေ ပြင်ဖို့ ဆိုရင် လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းထက် အထက် သဘောတူရမယ်လို့ ပြောထားတဲ့ အတွက် တပ်ကိုယ်စားလှယ်တွေ အလိုအလျောက် ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ အနေအထားမှာ တပ်မတော် သား ကိုယ်စားလှယ် တစ်ယောက်ယောက်ကမှ ပြင်ဆင်ရေးဘက် ပါမလာရင် ဖွဲ့စည်းပုံ ပြင်ဖို့ မဖြစ်နိုင်တာကို ဥပဒေ ပညာရှင်တွေ ထောက်ပြ နေကြတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ