တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ခမီလူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်နဲ့ အေအေတိုက်ပွဲတွေကြောင့် ရွာထဲကို ကျလာတဲ့ ကျည်ဆံခွံများ

(၁) တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ခမီလူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး

နိုင်ငံအနောက်ဘက် နယ်စပ်တလျှောက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရခိုင်နဲ့ ခမီလူမျိုးတွေဟာ နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးခိုလှုံခဲ့ရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ခမောင်းဝနဲ့ ကက်သလင်းကျေးရွာတွေက ထွက်ပြေးခိုလှုံသူဦးရေ ၁၈၂ ယောက်ထဲမှာ ကလေး အယောက် ၅၀ လောက်ပါပြီး ကလေးငယ်တချို့ကတော့ ဖျားနာနေကြတယ်လို့ အဲ့ဒီဒေသမှာ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူ ဦးဝင်းသိန်းက ပြောပါတယ်။

ထွက်ပြေးလာကြသူတွေရဲ့ စားဝတ်နေရေးကိုတော့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက စုပေါင်းဖြေရှင်းပေးနေရတယ်လို့ ရုံမော် ပရဟိတဆရာတော် အရှင်တေစိန္တက ပြောပါတယ်။

မြန်မာဘက်က ဝင်လာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဒက္ကားမြို့မှာရှိတဲ့ UNHCR နဲ့ မြန်မာသံရုံးကိုလည်း အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုးကီယား နယူးစ်သတင်းမှာတော့ အခု ဝင်ရောက်လာသူတွေဟာ စစ်တကောင်းတောင်တန်းဒေသ တောင်ဘက် ဘင်ဒရိုဘင်ခရိုင်၊ ရုံမော်မြို့နယ်၊ အမှတ် (၇) ရမ္မက်ကြီးနယ်မြေ စော်ချိုင်ဘုမ်ရွာကို ဝင်ရောက်လာကြတာလို့ ဖော်ပြထားပါတယ်။

(၂) Red Dot ကုမ္ပဏီ ပိတ်သိမ်းသွားလို့ အရောင်းကိုယ်စားလှယ်တွေ ငွေသိန်းချီဆုံးရှုံးခဲ့

ဖုန်းငွေဖြည့်ပေးတဲ့ ငွေကြေးဝန်ဆောင်မှုပိုင်းကို လုပ်ကိုင်နေတဲ့ Red Dot မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုကုမ္ပဏီနဲ့ အလုပ်လုပ်ကိုင်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်မှာ အနည်းဆုံး ပျမ်းမျှငွေကြေး ကျပ် ၁ သိန်း ခွဲကနေ သိန်း ၂၀၊ သိန်း ၃၀ အထိ ဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်။

ကုမ္ပဏီနဲ့ အရောင်းကိုယ်စားလှယ်တွေအကြား စက်တပ်ဆင်တာ၊ ငွေသိမ်းတာတွေကို Red Dot ကုမ္ပဏီဘက်က ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေက လုပ်ဆောင်ပေးရတာဖြစ်ပြီး ကုမ္ပဏီရုံးခန်း ပိတ်သိမ်းပြီး CEO အပါအဝင် ဝန်ထမ်းတချို့ တိမ်းရှောင်သွားတာကို ဖေဖော်ဝါရီ ၄ ရက်မှ အရောင်း ကိုယ်စားလှယ်တွေက သိခဲ့ကြရပါတယ်။

မရမ်းကုန်းမြို့နယ်က အရောင်းကိုယ်စားလှယ် တယောက်ဖြစ်တဲ့ ဒေါ်မေသက်လွင်က ဒီအကြောင်း စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားပေမယ့် အရေးယူနိုင်မှု မရှိသေးဘူးလို့ ပြောပါတယ်။

Red Dot ကုမ္ပဏီကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့မှာ စတင်တည်ထောင်ခဲ့ပြီး ၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်တနိုင်ငံလုံးမှာရှိတဲ့ အရောင်းဆိုင်ပေါင်း ၂၀,၀၀၀ ကျော် ဖုန်းဘေလ်ဝန်ဆောင်မှုအပြင် အခြား Online ဝန်ဆောင်မှုတွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကတော့ Red Dot ကုမ္ပဏီဟာ မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှု ကိုလုပ်ကိုင်ပေမယ့် မြန်မာဆင်သွယ်ရေး၊ အော်ရီဒူး၊ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ အရောင်းကိုယ်စားလှယ်သာ ဖြစ်ပြီးဗဟိုဘဏ်က လိုင်စင်ချထားပေးတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း မဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

(၃) အိုင်အက်စ်တွေကို အပြီးတိုင်ချေမှုန်းနိုင်တော့မယ်လို့ သမ္မတထရမ့်ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားက အမေရိကန်တပ်များ

ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အိုင်အက်စ်အစွန်းရောက်တွေကို သူတို့ထိန်းချုပ်ထားတဲ့ နေရာကနေ အပြီးအပိုင် မောင်းထုတ်နိုင်တော့မယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောလိုက်ပါတယ်။

သူတို့ပိုင်နက်တွေ ၁၀၀ ရာခိုင်နှုန်း ရထားပြီဆိုတာကို လာမယ့်သီတင်းပတ်ထဲမှာ ကြေညာနိုင်တော့မှာ ဖြစ်ကြောင်းကိုလည်း အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တွေ့ဆုံရာမှာ သမ္မတထရမ့်က ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အိုင်အက်စ်တွေကို တိုက်နေခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လ လောက်တုန်းကလည်း အမေရိကန်အနေနဲ့ အိုင်အက်စ်အဖွဲ့တွေကို ချေမှုန်းနိုင်ခဲ့ပြီလို့ သမ္မတထရမ့်က ပြောခဲ့ဖူးပါတယ်။

အခု ဒီအကြောင်းကို သမ္မတထရမ့်က ထပ်လောင်းပြောဆိုတာဖြစ်ပေမယ့် အိုင်အက်စ်အကြွင်းအကျန်တွေ ရှိနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြန်လည်ရယူထားတဲ့ နေရာတွေမှာ တည်ငြိမ်မှုရဖို့ မဟာမိတ်တွေအနေနဲ့ ငွေကြေးထည့်ဝင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

(၄) ဆယ်စုနှစ်အတွင်း ကမ္ဘာ့အပူချိန်စံချိန်တင် မြင့်တက်ခဲ့

ဓာတ်ပုံ မူပိုင် NASA
Image caption ဆယ်စုနှစ်အတွင်း ကမ္ဘာ့အပူချိန်စံချိန်တင် မြင့်တက်ခဲ့

ကမ္ဘာ့အပူချိန်ကို စတင်မှတ်တမ်းယူခဲ့တဲ့ ၁၈၅၀ ခုနှစ် နောက်ပိုင်းကာလတွေထဲက ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း သမုဒ္ဒရာထဲသာမက ကုန်းမြေပေါ်မှာလည်း အပူချိန်မြင့်တက်ခဲ့တယ်ဆိုပြီးတော့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

နောင်လမယ့် ၅ နှစ်တာကာလအတွင်း အပူချိန်ဟာ ၁ ဒီဂရီဆဲလ်ဆီးယက်စ် အထက်ကို မြင့်တက်လာဖွယ်ရှိပြီး အဲ့ဒီ ၅ နှစ်ထဲက တစ်နှစ်မှာတော့ ၁.၅ ဒီဂရီဆဲလ်ဆီးယက်စ်အထက် ရောက်မှာကို ကြုံရဖွယ်ရှိတယ်လည်း ယူကေအခြေစိုက် ရာသီဥတုဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေဖြစ်တဲ့ အပူလှိုင်းဖြတ်တာ၊ မုန်တိုင်းဝင်တာနဲ့ ရုတ်တရက်ရေကြီးတာ စတာတွေကလည်း ရာသီဥတုပြောင်းလဲမှုနဲ့အတူ လိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အပူချိန်ဟာ နှစ်ပေါင်း ၁၅၀ အတွင်း စံချိန်တင် အပူဆုံးကာလဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

အစိုးရတွေကိုလည်း ရာသီဥတုပြောင်းလဲတာကို ထိန်းနိုင်မယ့် အရေးယူဆောင်ရွက်မှုတွေကို ဦးစားပေးလုပ်ဆောင်ဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လုပ်တာကို လျှော့ချနိုင်အောင် ဆောင်ရွက်ဖို့ကိုလည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။