တရုတ်မြန်မာ နယ်စပ်မှာ ရှိတဲ့ မြန်မာအလံတိုင် ဝင်ဖျက်ဆီးခဲ့မှု ကိစ္စ တရုတ် သံအမတ်ကို မြန်မာ ဆင့်ခေါ်ပြော

ဓာတ်ပုံ မူပိုင် STR/AFP/GETTY IMAGES
Image caption မြန်မာ-တရုတ် နယ်နိမိတ် အငြင်းပွားမှုတွေ နှစ်နိုင်ငံ ညှိနှိုင်းသွားဖို့ရှိနေ

မြန်မာ - တရုတ် နယ်စပ်မျဉ်း အနီး ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းက မြန်မာအလံ စိုက်ထူထားရာ အုတ်ခုံကို တရုတ် နယ်ခြားစောင့်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ခေါ်ယူ တွေ့ဆုံပြီး အသိပေး ပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက်မှာရှိတဲ့ နယ်နိမိတ် ကျောက်တိုင် အမှတ် BP-144/3 နဲ့ 144/4 အကြား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနဲ့ ၄မီတာကျော် အကွာမှာ စိုက်ထူထားတဲ့ မြန်မာနိုင်ငံ အလံတိုင်နေရာကို တရုတ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် လက်နက်ကိုင် အချို့ ဝင်ရောက်လာခဲ့ပြီး အလံတိုင် အောက်ခြေ အုတ်ခုံကို ဝင်ရောက် ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က လုပ်သင့် လုပ်ထိုက်တာတွေ အားလုံးကို လုပ်ပြီးပြီလို့လည်း ကိုးကန့် လွှတ်တော်အမတ် ဦးကျော်နီနိုင်က ဘီဘီစီကို ပြော ပါတယ်။

နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ၁၉၉၇ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်နိမိတ် စီမံခန့်ခွဲရေးနဲ့ သဘောတူစာချုပ်ရဲ့ ၁၆ကြိမ်မြောက် အစည်းအဝေးကို ဒီနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

အဲဒီ အစည်းအဝေးမှာ နှစ်နိုင်ငံ သဘောတူစာချုပ် အတိုင်း နောက်ဆုံး ဖြစ်ပေါ် တိုးတက်နေတဲ့ ကိစ္စတွေမှာ ဘာတွေကို ပူးပေါင်း ဆောင်ရွက်သွားကြမလဲ ဆိုတာကို အဓိကထား ဆွေးနွေး ပြောဆိုသွားကြမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး မြန်မာ အလံတိုင်နေရာကို ဝင်ရောက် ဖျက်ဆီးခဲ့တာအပါအဝင် နယ်နိမိတ် ကိစ္စရပ်တွေကို နှစ်နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်းသွားဖို့ ရှိနေတဲ့အတွက် နှစ်ဘက်အကြား ပြဿနာ ဖြစ်စေမယ့်အရာတွေ ထပ်မလုပ်ဖို့အတွက်လည်း မြန်မာအစိုးရအဖွဲ့ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ( ၇ ) ရက်နေ့မှာ ပြောဆို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

နယ်နိမိတ် အငြင်းပွားမှု ကိစ္စရပ်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း မူဆယ်မြို့မှာ ရှိတဲ့ ဆင်ဖြူဈေး တည်ဆောက်နေတာကို တရုတ် နယ်ခြားစောင့်တပ်က လက်နက်ကိုင်တွေ ဝင်ရောက်ပြီး လာရောက် ကန့်ကွက်လို့ ရပ်တန့်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ