အစိုးရ တပ်မတော်နဲ့ ကိုးကန့် တပ်တွေ အကြား တိုက်ပွဲ ဖြစ်ခဲ့လို့ ထိခိုက် သေဆုံးမှု ရှိတဲ့ သတင်းတွေ အပါအဝင် ထိပ်တန်း သတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆီးရီးယားမြောက်ပိုင်း က အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ကဒ် လက်နက်ကိုင် တပ်ဖွဲ့

ဆီးရီးယား အရှေ့မြောက်ပိုင်းက အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ် ရဲ့ နောက်ဆုံး တပ်စွဲထားတဲ့ ဒေသတခုကို အမေရိကန် နောက်ခံပေးထားပြီး ကာ့ဒ်နဲ့ အာရပ် လူမျိုးတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေက အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေကလည်း လေကြောင်း ပစ်ကူပေးနေပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက အဲဒီ စစ်ဆင်ရေး စခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အိုင်အက်စ် စစ်သွေးကြွတွေဘက်ကလည်း အပြင်းအထန် ဆက်လက် ခုခံနေတယ်လို့ ဆိုပါတယ်။ ဒီလို တိုက်ပွဲ ဖြစ်နေတဲ့ ဒေသဟာ အီရတ် နယ်စပ်နဲ့ ကပ်နေပြီး စစ်သွေးကြွတွေသာမက အရပ်သားတွေလည်း ရှိနေသေးတယ်လို့ ယူဆရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကက်တာလန် ခွဲထွက်ရေးသမား တွေကို အရေးယူဖို့ တောင်းဆိုနေတဲ့ စပိန် အမျိုးသားရေး ဝါဒီများ

စပိန်မြို့တော် မက်ဒရစ်မှာ သောင်းနဲ့ချီတဲ့ အမျိုးသားရေးဝါဒီတွေက ရွေးကောက်ပွဲကျင်းပဖို့နဲ့ ကက်တလန် ခွဲထွက်ရေးဝါဒီတွေကို တင်းတင်းကြပ်ကြပ် ကိုယ်တွယ်ဖို့ ဒီကနေ့ ချီတက် ဆန္ဒပြနေကြပါတယ်။

ဒီဆန္ဒပြပွဲကို စပိန်ရဲ့ အဓိက ဗဟို လက်ယာပါတီ ၂ ခု ဖြစ်တဲ့ ပြည်သူ့ပါတီနဲ့ နိုင်ငံသားများ ပါတီနဲ့အတူ လက်ယာစွန်း ဗောက်စ် ပါတီတို့က ဦးဆောင် ကျင်းပတာ ဖြစ်ပါတယ်။

အဲဒီပါတီတွေက လက်ရှိ စပိန် ညွန့်ပေါင်း အစိုးရကို ဦးဆောင်နေတဲ့ စပိန် ဆိုရှယ်လစ် အလုပ်သမားများ ပါတီက ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် မစ္စတာ ဆန်းချက်ဇ်က ကက်တလိုးနီးယားပြည်နယ်က လွတ်လပ်ရေးလိုလားတဲ့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတဲ့အတွက် စပိန်ညီညွတ်ရေး ထိခိုက်တယ်ဆိုပြီး ဝေဖန်နေကြတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မုန်လ ကင်းစခန်းမှာ တွေ့ရတဲ့ MNDAA တပ်ဖွဲ့ဝင် တစ်ဦး

ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့ MN DAA တို့အကြား ခွန်လုံဒေသအတွင်း အကြီးအကျယ် တိုက်ပွဲဖြစ်တာတွေ ရှိခဲ့ပြီး နှစ်ဖက် ကျဆုံး ဒဏ်ရာရသူ ဆယ်ဂဏန်းလောက် ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဒေသဟာ တပ်မတော်ဘက်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားတဲ့ ဒေသဖြစ်ပေမယ့် MN DAA ဘက်က လူသစ် စုဆောင်း ခေါ်ယူမှုတွေကြောင့် အခုလို တိုက်ပွဲဖြစ်ခဲ့ရပြီး နောက်ထပ် တိုက်ပွဲ ပြင်းထန်လာဖို့တော့ မရှိဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကန္ဒာဟေဝန် ပန်းခြံက ဗိုလ်ချုပ် ရုပ်တု

ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ကန္ဒာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမှုနဲ့ ပတ်သက်ပြီး လွိုင်ကော်မှာ ဒေသခံ လူငယ်အဖွဲ့တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဒေသခံတွေနဲ့ ညှိနှိုင်း ဆောင်ရွက်မှု မရှိရင် ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုခဲ့ကြပါတယ်။

အခုလို ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေရဲ့ သပိတ်စခန်းကို အာဏာပိုင်တွေက မကြာခင် ရက်ပိုင်းမှာ ရှင်းလင်း နှိမ်နင်းထားခဲ့ပြီး တရားစွဲခံရတဲ့ လူငယ် အရေအတွက်လည်း ၅၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖရိက သမဂ္ဂ ညီလာခံကို တက်ရောက်လာတဲ့ ခေါင်းဆောင်များ

အာဖရိက သမဂ္ဂ ထိပ်သီး ညီလာခံကို အီသီယိုးပီးယား မြို့တော် အဒစ် အဘာဘာ မှာ ဒီကနေ့ ကျင်းပနေပြီး ကုန်သွယ်ရေးကိစ္စတွေနဲ့တကွ နိုင်ငံအသီးသီးက စုစုပေါင်း သန်း ၂၀ ကျော်လောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည် အရေးတွေ ဆွေးနွေးနေကြပါတယ်။

ကမ္ဘာ့ ဒုက္ခသည် လူဦးရေရဲ့ လေးပုံတပုံ ဖြစ်တဲ့ စစ်ပြေး ဒုက္ခသည် စုစုပေါင်း သန်း ၂၀ ကျော် ရှိနေတဲ့ ကိစ္စကို အဓိက ထား ဆွေးနွေးကြမှာ ဖြစ်ပြီး နိုင်ငံတကာကို မှီခို နေရတာတွေကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆွေးနွေးကြတာပါ။

ပြီးခဲ့တဲ့ နှစ်မှာ အာဖရိက သမဂ္ဂအတွင်း ဥရောပသမဂ္ဂမှာလို လွတ်လပ်စွာ ကုန်သွယ်ရေး ဈေးကွက် ထူထောင်ဖို့ လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် ကုန်သွယ်ရေး မူဝါဒတွေ တသမတ်တည်း ဖြစ်ရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဖွဲ့ဝင် ၅၄ နိုင်ငံထဲက ၁၉ နိုင်ငံပဲ လက်မှတ်ထိုးသေးတဲ့အတွက် ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေရပါတယ်။

အာဖရိကတိုက်အနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အကူအညီတွေကို မှီခို နေရမှု လျှော့ချဖို့လည်း ခေါင်းဆောင် အသီးသီးက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တောင်ကိုရီးယား နိုင်ငံက အမေရိကန်ကို စစ်ရေး အသုံးစားရိတ် ပေးနေရမှု ကို ကန့်ကွက်ပွဲ

တောင်ကိုရီးယားမှာ အမေရိကန်စစ်သား ၂၈၀၀၀ ကို စခန်းချ ထားရှိတဲ့ စရိတ် တနှစ်စာ အတွက် တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၉၂၄ သန်း အထိ ကျခံဖို့ အမေရိကန် အစိုးရနဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီစာချုပ်အရ တောင်ကိုရီးယားက မနှစ်ကထက် ၈ ရာခိုင်နှုန်း ပိုပေးရမှာ ဖြစ်ပါတယ်။ အခုလို ချုပ်ဆိုလိုက်တဲ့ စာချုပ်ကို တောင်ကိုရီးယား ပါလီမန်မှာ အတည်ပြုရဦးမှာပါ။

တောင်ကိုရီးယားဘက်က အဲဒီစာချုပ်ကို နှစ်ရှည် ဖြစ်စေချင်ပေမယ့် အမေရိကန်ဘက်ကတော့ သူ့ရဲ့ မဟာမိတ်တွေနဲ့ စစ်အသုံးစရိတ် မျှခံမှုတွေကို စစ်ဆေးနေဆဲ ဖြစ်တဲ့အတွက်ဆိုပြီး ရေတို တနှစ်ပဲ ချုပ်ဆိုဖို့ တွန်းအား ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ခုနှစ်အတွင်း စံချိန်တင် မက်သယ် ဖက်တမင်း မူးယစ်ဆေးပြား ၅၃ သန်းအထိ ဖမ်းမိခဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း စံချိန်တင် မက်သယ် ဖက်တမင်း မူးယစ်ဆေးပြား ၅၃ သန်းအထိ ဖမ်းမိခဲ့တယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

ယာဘလို့လည်း ခေါ်ကြတဲ့ အဲဒီဆေးပြားတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံက အများဆုံး ဝင်လာတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာန အကြီးတန်း အရာရှိ ဂျမယ် အူဒင် အာမက်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ဝင်လာတာကို မူးယစ်ကုန်ကူးသူတွေ အသုံးချပြီး ဆေးပြားသယ်ခိုင်းတာတွေ ရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ မူးယစ်တိုက်ဖျက်ရေးကို အရှိန်မြှင့်နေရာမှာ မူးယစ်ဆေး ကုန်ကူးသူ သုံးရာနီးပါးကို သတ်ဖြတ်နိုင်ခဲ့တယ်လို့လည်း အစိုးရက ကြေညာခဲ့ပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ ရုံးတင် မစီရင်ပဲ တရားမဝင် သတ်ဖြတ်တာတွေလို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စစ်သွေးကြွလို့ ယူဆရသူ ငါးဦးကို ပစ်သတ်

အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်းက ကူလ်ဂမ်ဒေသမှာရှိတဲ့ ခွဲထွက်ရေး စစ်သွေးကြွလို့ ယူဆရသူ ငါးဦးကို ပစ်သတ်နိုင်ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

ဒါပေမယ့် အဲဒီသူပုန်တွေကို ထောက်ခံတဲ့ ရာချီတဲ့ ရွာသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပြီး ရဲတွေက ရာဘာကျည်ဆံတွေ မျက်ရေယို ဗုံးတွေ သုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အခုလို ခွဲထွက်ရေး သူပုန်တွေကို ပါကစ္စတန်က မြှောက်ပေးနေတယ်လို့ အိန္ဒိယက စွပ်စွဲနေပမယ့် ပါကစ္စတန်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ပ ခရီးထွက်ကြသူတွေနဲ့ ပြည်တွင်းကိုဝင်လာတဲ့ ခရီးသွားတွေ မနှစ်ကထက် ၁၁ ရာခိုင်နှုန်း တိုးလာ

တရုတ်မှာ စီးပွားရေးအတက် နှေးကွေးသွားပေမယ့် တရုတ်နှစ်ကူး ပြည်ပ ခရီးထွက်ကြသူတွေနဲ့ ပြည်တွင်းကိုဝင်လာတဲ့ ခရီးသွားတွေ မနှစ်ကထက် ၁၁ ရာခိုင်နှုန်း တိုးလာတယ်လို့ ကြေညာခဲ့ပါတယ်။

တရုတ်နှစ်ကူးအတွက် အစိုးရ ရုံးပိတ်ရက် တပတ်အတွင်းမှာ တရုတ်ပြည်ပ ခရီးသွား အရေအတွက်ကလည်း ၆.၃ သန်း ကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ခရီးသွား ကျွမ်းကျင်သူတွေကတော့ ဒီခရီးသွားတွေက ဈေးသက်သာတဲ့ အနီးနား အာရှနိုင်ငံတွေကို သွားတာ များတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ထုတ်ပြန်ချက်အရ တရုတ်ခရီးသွားတွေဟာ နိုင်ငံတကာမှာ ငွေကြေး သုံးစွဲမှု အများဆုံးဖြစ်ပြီး ၂၀၁၇ အတွင်းမှာ အမေရိကန်ဒေါ်လာ ၂၅၈ ဘီလီယံ သုံးခဲ့တယ်လို့ ဆိုပါတယ်။