စင်္ကာပူမှာ မြန်မာ့အိမ်အကူတွေ ဘာကြောင့် နှိပ်စက်ခံရတာလဲ

စင်္ကာပူနိုင်ငံက အိမ်အကူ လုပ်တဲ့ ဖိလစ်ပိုင် အမျိုးသမီး ဓာတ်ပုံ မူပိုင် Reuters
Image caption စင်္ကာပူနိုင်ငံမှာ အိမ်အကူလုပ်ကြသူတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတွေလည်း ပါ၀င်

မြန်မာနိုင်ငံကနေ အိမ်အကူ လာလုပ်တဲ့ အမျိုးသမီးကို နှိပ်စက်ခဲ့တဲ့ စင်္ကာပူနိုင်ငံက အမျိုးသမီးတဦးကို တရားရုံးက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ် ချမှတ် ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၆၆၀ဝ ကျော် ဒဏ်ရိုက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့ပြီး အခု ရက်ပိုင်းမှ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရိုက်နှက်ခံရတဲ့ မြန်မာအိမ်အကူက မဖြူဖြူမာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာအိမ်အကူကို ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးက အသက် ၃၉ နှစ်ရှိ အလှပြင်ဆိုင် မန်နေဂျာ Linda Seah ဖြစ်ပါတယ်။

စင်္ကာပူ အမျိုးသမီး Linda Seah ဟာ စွဲချက် ၆ ခုနဲ့ စွပ်စွဲခံရပြီး အဲဒီအထဲမှာ အိမ်အကူ အမျိုးသမီး မဖြူဖြူမာရဲ့ ဘယ်ဘက် ပုခုံးကို ရေနွေးပူနဲ့ လောင်းတာ၊ ကြမ်းတိုက်တဲ့ဆေး ထည့်ထားတဲ့ ရေကို အတင်းသောက်ခိုင်းတာတွေလည်း ပါဝင်ပါတယ်။

မဖြူဖြူမာခေါင်းကို ဖုန်းနဲ့ရိုက်တာ၊ ဆံပင်ကို ဆွဲတာတွေကိုလည်း စင်ကာပူ အမျိုးသမီးက ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလှပြင်ဆိုင် မန်နေဂျာ Linda Seah ရဲ့ အမျိုးသား အသက် ၄၄ နှစ် Lim Toon Leng ကိုလည်း ထောင်ဒဏ် သီတင်းပတ် ၆ ပတ် ချမှတ်ခဲ့ပါတယ်။

အိမ်အကူကို လစာမပေးတာ၊ အစာမကျွေးတာတွေကြောင့်လည်း ထောင်ဒဏ် အပြစ်ပေးတာလို့ စီရင်ချက်ချမှတ်တဲ့ တရားသူကြီး Olivia Low ကို ကိုးကားပြီး သတင်း တွေမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စင်ကာပူက အိမ်တအိမ်မှာ အိမ်သန့်ရှင်းရေး လုပ်နေတဲ့ ဖိလစ်ပိုင် အိမ်အကူ

အိမ်ဖော်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိပြီး ရေနွေးပူနဲ့လောင်းလို့ ပုခုံးမှာ အမာရွတ် ကျန်ခဲ့တယ်လို့လည်း တရားသူကြီးက ပြောပါတယ်။ အိမ်ဖော်က အလုပ်လုပ်တာမှာ နှေးပြီး အလုပ်တာဝန်တွေကို မပြီးနိုင်ဘူးလို့ မစ္စစ် Seah က တရားရုံးမှာ ထွက်ဆိုပါတယ်။

စင်္ကာပူမှာ အိမ်အကူအမျိုးသမီးတွေကို မတော်မတရား လုပ်ဆောင်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပေမယ့် အိမ်အကူတွေကို ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ ဖြစ်ရပ်တချို့ကလည်း သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြထားပါတယ်။

ဒီတော့ မြန်မာ့အိမ်အကူအမျိုးသမီးတွေ အခုလို နှိပ်စက်ခံကြရတာ ဘာကြောင့်လဲ ဆိုတာက မေးစရာ ရှိလာပါတယ်။

စင်္ကာပူနဲ့ အိမ်အကူ

အရှေ့အလယ်ပိုင်းနိုင်ငံတွေ အပါအဝင် ထိုင်ဝမ်၊ ဟောင်ကောင်၊ ဒူဘိုင်းနဲ့ ဆော်ဒီမှာ ချမ်းသာတဲ့ မိသားစုတွေက အိမ်မှာ နေ့စဉ် လုပ်ငန်း တာဝန်တွေကို ကူညီလုပ်ကိုင်ဖို့ အိမ်အကူတွေကို ငှားရမ်း လေ့ရှိပါတယ်။

အာရှနိုင်ငံတွေထဲမှာ ဟောင်ကောင်ပြီးရင် စင်္ကာပူဟာ တခြားနိုင်ငံက အိမ်အကူ တွေ ဒုတိယ အများဆုံး သွားရောက် လုပ်ကိုင်ကြ ပါတယ်။

စင်္ကာပူနိုင်ငံတဝန်းမှာ အရှေ့တောင်အာရှနိုင်ငံတွေ အပါအဝင် တခြား နိုင်ငံတွေက အိမ်ဖော် အဖြစ်လာရောက်လုပ်ကိုင်တဲ့ အိမ်အကူ နှစ်သိန်းခွဲ နီးပါး ရှိနေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံကနေ အိမ်ဖော်အဖြစ် လာရောက် လုပ်ကိုင်နေသူက လေးသောင်း နီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟောင်ကောင်က အိမ်အကူအလှမယ်

စင်္ကာပူမှာ အိမ်အကူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေရှိလား။

စင်္ကာပူမှာ အိမ်အကူလုပ်ဖို့ အသက် ၂၃ နှစ်ပြည့်မီဖို့နဲ့ မြန်မာနိုင်ငံက ဆိုရင် အလယ်တန်းအဆင့် ပညာရေးပြီးဆုံးတဲ့သူဖြစ်ဖို့ သတ်မှတ်ထား ပါတယ်။

ဒါ့အပြင် သူတို့ကို တပတ်တရက် နားခွင့်ပေးဖို့နဲ့ နားခွင့်ရတဲ့ ရက်မှာ အလုပ်လုပ်ခိုင်း ရင် လုပ်အားခပေးဖို့ စင်္ကာပူ အစိုးရက တရားဝင် သတ်မှတ် ပေးထားပါတယ်။

စင်္ကာပူမှာ အိမ်အကူတွေကို အကာအကွယ်ပေးဖို့ သီးခြား ဥပဒေမရှိပေမယ့် နှိပ်စက် ညှဉ်းပန်းရင်တော့ ရာဇဝတ်မှု ဆိုင်ရာ ဥပဒေနဲ့ အရေးယူတယ် လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ပြောပါတယ်။

အိမ်ဖော်တွေအနေနဲ့ တခုခုဖြစ်ရင် လူ့စွမ်းအား ဝန်ကြီးဌာနလို့ ခေါ်တဲ့ Ministry of Manpower ဒါမှမဟုတ် ၁၉၉ကို ဖုန်းခေါ်ဆိုပြီး ရဲကို တိုင် ကြားလို့ရတယ်လို့ ဆိုပါ တယ်။

ဒါပေမဲ့ တချို့အိမ်ရှင်တွေက အိမ်ဖော်တွေကို ဖုန်းကိုင်ခွင့်မပေးတာကြောင့် ဒီလို တိုင်ကြားဖို့က အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

စင်္ကာပူကို အိမ်အကူပို့တဲ့ မြန်မာ အစိုးရ မူဝါဒ

မြန်မာအစိုးရရဲ့ မူဝါဒကို ကြည့်ရရင် ၂၀၁၃ ခုနှစ်က စင်ကာပူနဲ့ ဟောင်ကောင်ကို အိမ်အကူ ၂၀ဝ ကျော် တရားဝင် ပို့ဆောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အိမ်အကူတွေကို နိုင်ငံခြားကို ပို့ဆောင်ဖို့ အစိုးရက တားမြစ်လိုက်ပါ တယ်။ လက်ရှိ အချိန်အထိ မြန်မာက အိမ်အကူတွေ နိုင်ငံ ရပ်ခြားကို တရားဝင် သွားရောက် လုပ်ကိုင်ဖို့ အစိုးရက ခွင့်ပြုထားတာ မရှိသေးပါဘူး။

အလုပ်သမားလူဝင်မှု၊ ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဦးစီးဌာနကို အိမ်အကူတွေကို နိုင်ငံခြားကို ပို့ဆောင်ခွင့်ပြုဖို့လည်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက တောင်းဆိုနေပါတယ်။

ဘာကြောင့် မြန်မာအိမ်အကူတွေ နှိပ်စက်ခံရတာလဲ

အစိုးရအနေနဲ့ မြန်မာအိမ်အကူတွေကို တရားဝင် ပို့ခွင့်မပေးတာကြောင့် မြန်မာ အိမ်အကူတွေကို တရားဝင် ကာကွယ်ပေးနိုင်ဖို့ အခက်အခဲ ရှိတယ်လို့ စင်္ကာပူအခြေစိုက် အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့ Homeရဲ့ ဘုတ် အဖွဲ့ဝင်လည်း ဖြစ် စင်္ကာပူရောက် မြန်မာတွေဖွဲ့ထားတဲ့ မြန်မာ ကလပ် စင်္ကာပူရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်မောင်ဝင်းက သုံးသပ်ပါတယ်။

အိမ်အကူတွေကို စင်္ကာပူကို တရားဝင်ပို့လို့မရတာကြောင့် မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့က ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး အိမ်အကူ ပို့ဆောင်တာတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒီလို ပို့ဆောင်ရာမှာ သေချာစိစစ်တာတွေမရှိတာကြောင့် တချို့ အိမ်အကူတွေ အနေနဲ့ စင်္ကာပူအစိုးရက သတ်မှတ်ထားတဲ့ အသက်အရွယ်၊ ပညာ အရည်အချင်း မပြည့်မီဘူးလို့ ဆိုပါတယ်။

Image caption စင်္ကာပူနိုင်ငံ အထပ်မြင့်တိုက်ခန်းများ

ဒါ့အပြင် အိမ်အကူအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ဖို့ အချိန်တို သင်တန်းတွေသာ တက်ခဲ့ရလို့ အလုပ်လာလုပ်တဲ့အခါ ဘာသာစကားမကျွမ်း ကျင်တာ၊ အလုပ် တာဝန် မသိတာ၊ ခေတ်ပေါ် အိမ်သုံး ပစ္စည်းတွေကို မသုံးတတ်တာ တွေကြောင့် တချို့ အိမ်ရှင်ဆိုးတွေနဲ့တွေ့ရင် နှိပ်စက် ညှဉ်းပန်းခံကြရတယ်လို့ ဆိုပါတယ်။

"လစာအများဆုံးကလည်း ဖိလစ်ပိုင်တွေပေါ့၊ တကယ့်ကို ကျွမ်းကျင်တဲ့ အိမ်အကူ အဖြစ် ဟိုဘက်က သင်တန်းပေးလာတဲ့အခါကျတော့ အသစ်ဆိုရင် သူတို့ လစာက ဘယ်လောက်ထိရလဲဆိုရင် စင်္ကာပူ ဒေါ်လာ ၆၀ဝ-၆၅၀ လောက်အထိရတယ်၊ ကျနော်တို့ မြန်မာက ဘာမှလည်း မတတ်ဘူးဆိုတော့ အနည်းဆုံး ၄၅၀-၅၀ဝ လောက်ရတယ်"လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်ကနေ သင်တန်းတွေ စနစ်တကျပေးပြီး အိမ်အကူ လာလုပ် တာကြောင့် သူတို့ အခွင့်အရေးကို သူတို့ သိပေမယ့် မြန်မာက ဒီလို စနစ်တကျ သင်တန်းမပေးတာကြောင့် သူတို့ အခွင့်အရေး ကို မသိဘူးလို့ သူက ပြောပါတယ်။

တချို့မြန်မာ အိမ်အကူတွေဆိုရင် စင်္ကာပူဒေါ်လာ ၅၀ဝ လောက် ရကြပေမယ့် စာချုပ်မှာ တပတ်တရက် နားခွင့် မရှိအောင် လုပ်ထားတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

စင်္ကာပူမှာ အိမ်အကူလုပ်ရင် ဘယ်လို ပြင်ဆင်မလဲ

စင်္ကာပူမှာ မြန်မာ အိမ်ဖော်တွေရဲ့ အခြေအနေတွေ ပိုမို တိုးတက်လာဖို့ အစိုးရ အနေနဲ့ အိမ်အကူတွေကို တရားဝင်ပို့ဖို့ လိုအပ်တယ်လို့ ဦးတင်မောင်ဝင်းက သုံးသပ်ပါတယ်။

ဒါ့အပြင် စင်္ကာပူကို အိမ်အကူအဖြစ် မလာခင် အိမ်အကူလုပ်ကိုင်ဖို့ အတွက် ဘာသာ စကားနဲ့ ပတ်သက်လို့ ပြင်ဆင်တာ၊ အလုပ်ကို ကျွမ်းကျင် ပိုင်နိုင်အောင် လုပ်တက်ဖို့ လေ့ကျင့်သင်ကြားပေးပြီး အိမ်အကူ တွေရဲ့ ခံစားပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကိုလည်း သင်ကြား ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီလိုစနစ်တကျနဲ့ လုပ်ဆောင်ရင် စင်္ကာပူမှာ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်တဲ့ မြန်မာတွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပြီး မြန်မာအိမ်အကူတွေ မတော်မတရား လုပ်ဆောင်တဲ့ ဖြစ်ရပ်တွေ ကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ