ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့်ဥပဒေကြမ်း လွှတ်တော်တင်မယ်၊မောင်တောမှာ ညမထွက်ရအမိန့် ထပ်ထုတ်အပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့
Image caption ပျောက်ဆုံးနေသူတွေကို ရဲ၊ မီးသတ် အပါအဝင် ရေတပ် သင်္ဘောတစ်စီးနဲ့ပါဆက်လက် ရှာဖွေနေ

မာန်အောင်မြို့ ဆင်ပြောင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၂ဦးတွေ့ရှိပြီး ပျောက်ဆုံးသူတွေကိုဆက်လက် ရှာဖွေနေ

ရခိုင်ပြည်နယ် မာန်အောင်မြို့နဲ့ ၅ မိုင်ခန့် အကွာမှာရှိတဲ့ လက်ဖက်ကျွန်း မီးပြတိုက် ကို ပြုပြင်ဖို့ လာရောက်တဲ့ "ဆင်ပြောင်" အမည်ရှိ သင်္ဘောနစ်မြုပ်သွားတဲ့ အတွက် ၇ ဦး အသက်ရှင် ကယ်တင်နိုင်ပြီး ကျန် ၁၈ ဦးက ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဒီသင်္ဘောဟာ မီးပြတိုက် လက်ဖက်ကျွန်းအနီးမှာ ကပ်ထားစဉ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီခွဲက နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ၂ဦးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိထားပြီး သူတို့ ၂ ဦးဟာ လွတ်လာပြီးမှ ကျန်လူတွေကို ပြန်ကယ်ဆယ်ရာက လှိုင်းနဲ့ ပြန်ပါသွားပြီး ရေနစ်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကို ရဲ၊ မီးသတ် အပါအဝင် ရေတပ် သင်္ဘောတစ်စီးနဲ့ပါဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption NLD ပါတီကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ဖို့ အဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေကန့်ကွက်ခဲ့

ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့် ဥပဒေကြမ်း လွှတ်တော်မှာတင်ပြမယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူ ကြမ်းကို အမြန်ဆုံးလွှတ်တော်ကိုတင်ပြ သွားမယ်လို့ပါတီရဲ့ ပျော်ဘွယ်မြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးသောင်းအေးက ပြောပါတယ်။

လတ်တလောမှာ NLD ပါတီအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ ကော်မတီဖွဲ့ဖို့အရေးကြီး အဆိုတင်ခဲ့ပြီး ကော်မတီဖွဲ့ဖို့ဆောင်ရွက်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ရဲ့ ကိုယ်စားလှယ်၂၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြလာရင် လွှတ်တော်မှာဆွေးနွေးရမယ်လို့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။

လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ၅ ရာခိုင်နှုန်း တိုင်းရင်းသားပါတီတွေက ၁၁ ရာခိုင်နှုန်း တပ်မတော်သားကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းနဲ့NLD က ၅၉ ရာခိုင်နှုန်းရှိပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ဥပဒေကြမ်းတင်ဖို့၂၀ ရာခိုင်နှုန်း ပြည့်မှီအောင် တပ်မတော်နဲ့ညှိနှိုင်းဆောင်ရွက်ရမဲ့ သဘောရှိပါတယ် ။ ဒီအတွက်လည်းကြံ့ခိုင်ရေးပါတီကတင်လာမဲ့ဥပဒေကြမ်းဟာ တပ်မတော်နဲ့သဘောတူထားပြီးဖြစ်တဲ့ပုဒ်မတွေဖြစ် လာနိုင်တယ်လို့တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်အချို့ကသုံးသပ်ထားပါတယ်။

မောင်တောမှာ ညမထွက်ရ အမိန့် ထပ်မံထုတ်ထား

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မောင်တောမှာ ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်ထားတယ်လို့ မောင်တောမြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။

မောင်တောမြို့မှာ တရားဥပဒေစိုးမိုးမှုရရှိစေရေးအတွက် တပ်မတော်နဲ့လုံခြုံရေးအဖွဲ့အစည်းတွေက ဥပဒေနနဲ့အညီဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေဆဲဖြစ်တဲ့အတွက် (ပုဒ်မ-၁၄၄)အမိန့်ကို နောက်ထပ် ၂ လ အထိ ထပ်တိုးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ မူပိုင် BSIP/UIG Getty Images
Image caption ကာကွယ်ဆေးထိုးပြီးသူတွေလည်း ပြန်လည်ထိုးဖို့လိုအပ်

ဝက်သက်ရောဂါ ကာကွယ်ဆေးအပိုဆောင်းအုပ်စုလိုက်ထိုးနှံတာကို ရန်ကုန်က မြို့နယ် ၇ မြို့နယ်မှာ ပြုလုပ်မယ်

ဝက်သက်ရောကာကွယ်ဆေးအပိုဆောင်း အုပ်စုလိုက်ထိုးနှံတာကို ရန်ကုန်ကလူဦးရေအထူထပ်ဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ် အပါအဝင် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ဒဂုံအရှေ့၊ ဒဂုံတောင်နဲ့ ဒဂုံ ဆိပ်ကမ်း မြို့နယ် တွေမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီအစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၈ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး ၉လသားကနေ အသက် ၁၅ နှစ်အောက် အားလုံးကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသူတွေလည်း ပြန်လည်ထိုးဖို့လို အပ်တယ်လို့ သိရပါတယ်။

ဝက်သက်ရောဂါဟာ ပြီးခဲ့တဲ့ ၄လအတွင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပြင် အိမ်နီးချင်းထိုင်းနိုင်ငံမှာပါ ကာကွယ်ဆေးမထိုးထားသူတွေမှာ ရောဂါဖြစ်ပွားမှုတွေများလာပြီး သေဆုံးမှု တွေပါရှိနေပါတယ်။