ရခိုင်က ဆင်ပြောင်သင်္ဘောနစ်မြုပ်မှု ပျောက်ဆုံးသူတွေထဲက ၆ ဦးအလောင်းကိုပြန်တွေ့ ၇ ဦး ကယ်နိုင်

ပျောက်ဆုံးနေသူ ၁၈ ဦးအနက် ၆ ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့ ဓာတ်ပုံ မူပိုင် Rakhine Fire Force
Image caption ပျောက်ဆုံးနေသူ ၁၈ ဦးအနက် ၆ ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့

ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနဲ့ (၄)မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီခွဲက နစ်မြုပ်သွားခဲ့တဲ့ '' ဆင်ပြောင်'' သင်္ဘောပေါ်ပါသွားပြီး ပျောက်ဆုံး နေသူ ၁၈ ဦးအနက် ၆ ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြန်လည်တွေ့ရှိထားပြီလို့ မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

' ' ကယ်ဆယ်ရေးအဖွဲ့တွေအင်အားသုံးပြီး ရှာနေပါတယ်။ လှိုင်းတွေကလည်းကြီးနေတော့ ကယ်တဲ့နေရာ မှာ အခက်တွေ့တာပေါ့။ မနက်ကတော့ သင်္ဘော မှောက်သွားတဲ့နားကို စက်လှေတွေနဲ့သွားရှာတာတော့ မတွေ့ဘူး။ အခုနောက်ဆုံးတော့ ၆ ဦးရဲ့ ရုပ်အလောင်းကို တွေ့ထားပြီ။ အသက်ရှင်ကျန်တဲ့သူတွေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပြီး ဘယ်သူတွေ ဆိုတာ အတည်ပြုနိုင်ဖို့လုပ်နေတယ်'' လို့ ရှာဖွေ ကယ်ဆယ်ရေး လုပ်နေတဲ့ အခြေအနေကို ဦးမြင့်နိုင်က ပြောပြပါတယ်။

ဆင်ပြောင်သင်္ဘောဟာ မာန်အောင်မြို့နဲ့ ၅ မိုင်ခန့် အကွာမှာရှိတဲ့ လက်ဖက်ကျွန်း မီးပြတိုက်ကို ပြုပြင်ဖို့ သွား ရောက်ခဲ့ရာကရပ်နားထားတုန်း လှိုင်းလေကြီးတာကြောင့် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။သင်္ဘောနဲ့လိုက်ပါ သွားသူ ၂၅ ဦးအနက် ၇ ဦးကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပြီး ကျန် ၁၈ ဦးက ပျောက်ဆုံးနေခဲ့တာဖြစ် ပါတယ်။

ဓာတ်ပုံ မူပိုင် Shwe Tun
Image caption သင်္ဘောပေါ်လိုက်ပါသွားသူ ၂၅ဦးအနက် ၇ဦးကို အသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့

' 'မနေ့က သင်္ဘောမှောက်သွားပြီးတော့ အကိုပါသွားပြီဆိုတာ ရုံးက မိသားစုကိုလှမ်းအကြောင်းကြားတယ် ။ အဲဒီနောက်ပိုင်းတော့ ထပ်ပြီး ဘာမှအကြောင်းတာမရှိတော့ဘူး။ မိသားစုတွေက သတင်းလေးတော့ မျှော်တာပေါ့။ အခုက ကယ်ဆယ်ရေးလုပ်နေတယ်ပဲ သိရတယ်။ တွေ့ပြီလား ကယ်နိုင်ပြီလား နောက်ဆုံး ရုပ်အလောင်းပဲ တွေ့တွေ့ပေါ့လေ။ အဲလိုမျိုးလေးတော့သိချင်တယ်။ အခုက ဟိုကကြားတာ ဒီကကြားတာနဲ့ ပဲလိုက်မေးနေရတယ်'' လို့ ပျောက်ဆုံးသူတွေထဲက တစ်ဦးဖြစ်တဲ့ သင်္ဘောစက်ခန်းအုပ် ဦးခင်စိုးရဲ့ ညီမဖြစ်သူ မရှင်းသန့်ခင်က ဘီဘီစီကိုပြောပါတယ်။

မရှင်းသန့်ခင်ရဲ့ပြောကြားချက်အရ ပျောက်ဆုံးနေသူ ဦးခင်စိုးဟာ နစ်မြုပ်သွားတဲ့ ဆင်ပြောင်သင်္ဘောနဲ့ အတူ လုပ်ကိုင်ခဲ့တဲ့သက်တမ်းက နှစ် ၂၀ ကျော်ရှိသွားပြီလို့သိရပါတယ်။ ဦးခင်စိုးနည်းတူ ကျန်သူတွေမှာ လည်း လုပ်သက်ရင့် သင်္ဘောသားတွေ ဖြစ်တယ်လို့လည်း ကျန်ရစ်သူ မိသားစုဝင်အချို့ရဲ့ပြောကြားချက် အရသိရပါတယ်။

ပျောက်ဆုံးနေသူတွေကို လက်ရှိအချိန်ထိ ရဲ၊မီးသတ်၊ ရေတပ်အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေ ကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ