ကယားက ဗိုလ်ချုပ်ရုပ်အရေး ကန့်ကွက်သူတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့အကြား သဘောတူညီမှုတွေရ၊အိန္ဒိယဟိုတယ် မီးလောင်မှု မြန်မာဘုရားဖူး နှစ်ယောက်သေဆုံး တဦးအသက်ရှင်အပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် ရဲနောင်( 7colour)
Image caption အမှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့နဲ့ ဆန္ဒပြတာ တွေကို ရပ်ဆိုင်းထားဖို့ဆိုတဲ့ အချက်လည်းပါဝင်

ကယားကဗိုလ်ချုပ်ရုပ်အရေး ကန့်ကွက်သူတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့အကြား သဘောတူညီမှုတွေရ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားပေးရေး အပြင်းအထန်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်နီလူငယ်တွေနဲ့ ပြည်နယ်အစိုးရတို့အကြား ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းမှာတော့ သဘောတူ ညီချက် အချို့ရခဲ့ပါတယ်။

ကရင်နီလူငယ်တွေနဲ့ အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်အစိုးရအတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့ လက်မှတ်ရေး ထိုးသဘောတူညီချက်အရ ဆန္ဒပြလို့ တရားစွဲခံနေရတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့နဲ့ ဆန္ဒပြတာ တွေကို ရပ်ဆိုင်းထားဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

ကျန်သဘောတူညှိနှိုင်းချက်တွေထဲမှာတော့ ဗိုလ်ချုပ်ကြေးရုပ်တုနဲ့ပတ်သက်ပြီး ကန့်ကွက်သူနဲ့ ထောက်ခံသူ ကော်မတီတို့အကြား သီးခြားတိုင်ပင်ညှိနှိုင်းပြီး ရလာတဲ့ရလဒ်ကို ပြည်နယ်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်ပေးဖို့လည်းပါပါတယ်။

သဘောတူညှိနှိုင်းမှုတွေမပြုလုပ်နိုင်သေးခင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းတုန်းက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ဒဏ်ရာရသူတွေ ၁၀ ဦးထက်မနည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဗုဒ္ဓဂါယာဘုရားဖူးသွား မြန်မာအမျိုးသမီးနှစ်ယောက်သေဆုံး

အိန္ဒိယဟိုတယ် မီးလောင်မှု မြန်မာဘုရားဖူး နှစ်ယောက်သေဆုံး တဦးအသက်ရှင်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဟိုတယ်တစ်ခုမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၄ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ အဲဒီမှာ တည်းခိုနေတဲ့ ဗုဒ္ဓဂါယာဘုရားဖူးသွား မြန်မာအမျိုးသမီးနှစ်ယောက်သေဆုံးပြီး တယောက်ဒဏ်ရာရခဲ့တယ်လို့ နယူးဒေလီ မြန်မာသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။

အဲဒီမီးလောင်မှုမှာ ရွှေမီဘုရားဖူးအဖွဲ့နဲ့အတူ သွားခဲ့တဲ့ ဘုရားဖူး ၇ ယောက်ထဲက တိုက်ကြီးမြို့က အသက် ၆၆ အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတယောက်တို့ သေဆုံးခဲ့တယ်လို့ သံရုံးကထုတ်ပြန်ခဲ့ပါတယ်။

နယူးဒေလီမြို့၊ Karol Bargh အရပ်မှာရှိတဲ့ Arpit Hotel မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူကိုတော့ Lady Hardinge ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ကျန်တဲ့မြန်မာနိုင်ငံသား လေးယောက်ကတော့ Hotel Metro View မှာ တည်းနေတယ်လို့ သံရုံးကဆိုပါတယ်။

မီးလောင်မှု ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာဘုန်းတော်ကြီးတွေက ကူညီပေးနေတယ်လို့ သံရုံးက ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သူ့တစ်သက်တာကို ထောင်ထဲမှာပဲဖြတ်သန်းရဖွယ်ရှိ

မက္ကစီကိုမူးယစ်ရာဇာ အယ်လ်ချားပိုးကို နယူးယောက်တရားရုံးကစီရင်ချက်ချပြီ

မက္ကစီကိုမူးယစ်ရာဇာ အယ်လ်ချားပိုးကို သူရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု အမှုတွေ အားလုံးအတွက်တာဝန်ရှိတယ်လို့ နယူးယောက်မှာရှိတဲ့ဗဟိုတရားရုံးကနေ ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဂုဇ်မဲန် ဟာ ကိုကင်းနဲ့ ဘိန်းဖြူ ဖြန့်ဝေမှုတွေ၊ တရားမဝင်လက်နက် ကိုင် ဆောင်မှု ငွေကြေးခဝါချမှုတွေ အားလုံးမှာ အတော်များများ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် သူ့ကို ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီးရဲ့ဆုံးဖြတ်ချက်အရ ပြစ်ဒဏ်အနေနဲ့ သူ့တစ်သက်တာကို ထောင်ထဲမှာပဲဖြတ်သန်းရ ဖွယ်ရှိ နေပါတယ်။

မက္ကစီကိုမှာရှိတဲ့ ထောင်တစ်ခုကို လိုဏ်ခေါင်းတူးပြီး ဖောက်ပြေးခဲ့တဲ့သူ့ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည် ဖမ်းမိခဲ့တာဖြစ်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံကို ၂၀၁၇ ခုနှစ်မှာ လွှဲပြောင်းပေးခံခဲ့ရတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ