မြန်မာမှာ တလကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝက်သက် ရောဂါကူးစက်ဖြစ်ပွားသူ ၃၀၀ နီးပါးအထိရှိလာ

စီမံချက်မြို့နယ်အတွင်းပါဝင်တဲ့ အသက် ၉ လကနေ ၁၅နှစ်အတွင်းရှိသူအားလုံး ကာကွယ်ဆေးထိုးဖို့လို ဓာတ်ပုံ မူပိုင် CEPIMYANMAR'FACEBOOK
Image caption စီမံချက်မြို့နယ်အတွင်းပါဝင်တဲ့ အသက် ၉ လကနေ ၁၅နှစ်အတွင်းရှိသူအားလုံး ကာကွယ်ဆေးထိုးဖို့လို

မြန်မာနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၄ရက်နေ့အထိ တလကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝက်သက် ရောဂါကူးစက်ဖြစ်ပွားသူဦးရေဟာ ၃၀၀ နီးပါးအထိ ရှိလာတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ အောင်နိုင်ဦးက ဘီဘီစီကိုပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ သံသယရှိ လူနာ ၄၃၂ ဦးအနက် ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုတာ ၂၇၆ဦးရှိပြီး ရောဂါလက္ခဏာတွေအရ ဝက်သက်လို့ ပြောနိုင်တာ ၁၃ ဦးရှိတယ်လို့ ကျန်းမာရေးဦးစီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။

' ' ဖြစ်တဲ့သူတွေကိုကြည့်လိုက်ရင် ကိုးလကနေ ၁၅ နှစ်အတွင်းက အများဆုံးပဲ။ အခုလောက် ကူးစက် ပြန့်ပွားတာများလာတာကလည်း အဓိကကတော့ ကာကွယ်ဆေးမထိုးထားကြလို့ပဲ။ အခုဖြစ်တဲ့သူရဲ့ ၉၅ ရာခိုင်နှုန်း အထက်က ကာကွယ်ဆေးမရထားတဲ့သူတွေချည်းပဲ။ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ကုသပေးရင်းကူးစက်ခံရတာတွေရှိတယ်။ ဒါကြောင့် ကာကွယ်ဆေးကို စီမံချက်နဲ့ထိုးပေးဖို့စီစဉ်တာ '' လို့ ဒေါက်တာ အောင်နိုင်ဦး က ဝက်သက်ရောဂါဖြစ်ပွားမှုများ လာရတဲ့အကြောင်း အရင်းကိုပြောပြပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ ရောဂါတွေ့ရှိသူ ၃၀၀ နီးပါးအတွင်း ရန်ကုန်တိုင်းတခုထဲမှာ ဖြစ်ပွားသူက ၂၄၈ ဦးရှိတယ်လို့သိရပါတယ်။

အခုလို ရန်ကုန်တိုင်းအတွင်းမှာ ရောဂါကူးစက်ပြန့်ပွားမှုတွေများလာတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဝက်သက်ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းက ဒဂုံတောင် မြို့နယ်အပါအဝင် မြို့နယ်၇ ခုမှာရှိတဲ့ ဦးရေ ၆ သိန်းကျော်ကို ယခုလအတွင်း အစိုးရစီမံချက်နဲ့ကာကွယ်ဆေးထိုးသွားဖို့ရှိပါတယ်။

''အသက် ကိုးလကနေ ၁၅ နှစ်အောက် ကလေးတွေအားလုံးကို ထိုးပေးသွားမှာပါ။ အဲဒီမြို့နယ်မှာရှိတဲ့ သူတွေအနေနဲ့ ဆေးထိုးပြီးတဲ့သူရောမထိုးရသေးတဲ့သူတွေရော အကုန်လုံးထပ်ထိုးဖို့လိုအပ်ပါတယ်'' လို့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

ဝက်သက်ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးဟာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်နိုင်တဲ့အတွက် ရောဂါပိုးရှိသူက ချောင်းဆိုးနှာချေလိုက်ရာကနေ ကူးစက်ခံရနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် SPL
Image caption မြန်မာနိုင်ငံမှာ ဝက်သက်ကာကွယ်ဆေးကို ကလေးငယ် အသက် ၉လနဲ့ ၁၈လမှာ ၂ကြိမ်ထိုးပေးနေ

ကူးစက်ခံရပါက ကာကွယ်ဆေးမထိုးထားသူ ခုခံအားနည်းသူတွေအနေနဲ့ နောက်ဆက်တွဲ လက္ခဏာတွေ အဖြစ် အဆုတ်ရောင် နှလုံးရောင် ဦးနှောက်ရောင်တာတွေဖြစ်ပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်တယ် လို့သိရပါတယ်။

လတ်တလောကာလအတွင်းမှာလည်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ ဝက်သက် ရောဂါ ကူးစက်ပြန့်ပွားမှုဟာ များပြားနေပြီး သေဆုံးသူတွေလည်းရှိနေပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားမှုနှုန်းမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၂၇၆ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေအတွင်း သံသယရှိလူနာတွေ့ရှိမှုမှာလည်း မြန်မာက တတိယအများဆုံး ဖြစ်တယ် လို့လည်း ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ