နိုင်ငံရေး ခေါင်းစဉ်အောက်ကနေ အများအကျိုး လုပ်ချင်တယ်ဆိုတဲ့ မြန်မာ အလှမယ်

ဓာတ်ပုံ မူပိုင် Li John Photography
Image caption အလှမယ် ထက်ထက်ထွန်း

အလှမယ် မထက်ထက်ထွန်းဟာ ၂၀၁၆ ခုနှစ်က ဖိလစ်ပိုင်မှာ လုပ်ခဲ့တဲ့ Miss Universe မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင် ဆုတစ်ဆုဖြစ်တဲ့ အကောင်းဆုံးအမျိုးသားဝတ်စုံဆုကို ဆွတ်ခူးနိုင်ခဲ့သူပါ။ အဲဒီတုန်းက သူဟာ ကမ္ဘာစင်မြင့်မှာ ရိုးရာ ရုပ်သေးမင်းသမီး ဝတ်စုံ ၀တ်ဆင်ပြီး ကပြခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အနုပညာလမ်းကြောင်းဘက်ကို ကူးလာသလို လောလောဆယ်မှာဆိုရင် ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေပြီး မော်ဒယ် အေဂျင်စီတစ်ခုလည်း ထောင်ထားပါတယ်။

အခုတော့ သူဟာ နိုင်ငံရေးလုပ်ဖို့ ခြေလှမ်း စနေပါပြီ။ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန် စည်ပင် သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်း ပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Htet Htet Htun Facebook
Image caption အများပြည်သူကို ကူညီနိုင်မယ့် အကျိုးပြု လုပ်ငန်းတွေလုပ်ဖို့ ဝါသနာပါတယ်လို့ဆို

နိုင်ငံရေးထဲကို ပါဝင်လိုတာက ဖခင်ဖြစ်သူရဲ့ တိုက်တွန်း အားပေးမှုကြောင့်နဲ့ ကိုယ်တိုင်ကလည်း နိုင်ငံ့အကျိုးအတွက် ကိုယ်တတ်စွမ်းတဲ့ ဘက်ကနေ ပါဝင်ဆောင်ရွက်လိုတဲ့ ဆန္ဒကြောင့် ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလို့ မထက်ထက်ထွန်းက ဘီဘီစီကို ပြောပါတယ်။

မထက်ထက်ထွန်းရဲ့ ဖခင်ဟာ ၂၀၁၄ တုန်းက ရန်ကုန် အနောက်ပိုင်းခရိုင် စည်ပင်သာယာဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

မထက်ထက်ထွန်းရဲ့အလုပ်က အနုပညာအလုပ်ဖြစ်လို့ နိုင်ငံရေးနဲ့ ဝေးတယ်လို့ ပြောချင်ပြောနိုင်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အကျိုးပြုဖို့ အမြဲစဉ်းစားနေသူ ဖြစ်တယ်လို့ မထက်ထက်ထွန်းက ပြောပါတယ်။

သူလုပ်ချင်တဲ့ ပြည်သူ အကျိုးပြု လုပ်ငန်းတွေကို နိုင်ငံရေး ခေါင်းစဉ်အောက်မှာ လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Htet Htet Htun
Image caption ခေတ်လူငယ်ရဲ့ စိတ်ကူးသစ်တွေနဲ့ အပြောင်းအလဲ လုပ်ဆောင်မယ်ဆိုတဲ့ အလှမယ် ထက်ထက်ထွန်း

မထက်ထက်ထွန်းက လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်ပြီး ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်လေ့ ရှိသူဖြစ်ပါတယ်။

ပရဟိတ လုပ်ငန်းတွေကို ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် ပိုလုပ်နိုင်ပေမဲ့ စည်ပင်သာယာရေး ကော်မတီဝင် တစ်ယောက် အနေနဲ့ တာဝန်ယူပြီး လုပ်ဆောင်ရမယ် ဆိုရင်တော့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မယ့် အခွင့်အရေး ပိုရလာမယ်လို့ သူက ယုံကြည်ထားပါတယ်။

ပြည်သူက အသိအမှတ်ပြုတဲ့ နေရာတစ်ခုခုမှာ တာဝန်ပေးခံရပြီဆိုရင် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အခုထက် ပိုမို တိုးတက် သာယာတဲ့ မြို့ကြီး တစ်မြို့ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်မှာ သေချာတယ်လို့ မထက်ထက်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၆ ခုနှစ်က အကောင်းဆုံး ရိုးရာဝတ်စုံဆုရခဲ့

အသက် ၂၅ နှစ်သာ ရှိသေးတဲ့ အလှမယ် တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်လိုသူ တွေလည်း ရှိနိုင်ပါတယ်။

သူက အသက်ငယ်ရွယ်တဲ့အတွက် အတွေ့အကြုံမရှိလို့ လုပ်နိုင်ပါ့မလား၊ စိတ်ချယုံကြည်လို့ ရနိုင်ပါ့မလား ဆိုပြီး ပြည်သူတွေ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနိုင်ပေမဲ့ ခေတ်လူငယ်တစ်ယောက် အဖြစ်နဲ့ သူ့မှာ တခြားလူတွေနဲ့ မတူတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ဘာတွေများ ပြောင်းလဲအောင် လုပ်နိုင်မလဲလို့ မျှော်လင့်နေကြသူတွေလည်း ရှိနိုင်တယ်လို့ သူ ယုံကြည်ကြောင်း မထက်ထက်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Htet Htet Htun
Image caption ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်နေသူ

အနုပညာလုပ်ငန်းအနေနဲ့ မထက်ထက်ထွန်းဟာ လက်ရှိ ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကား ၇ ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

စည်ပင်ကော်မတီဝင်အဖြစ် တာဝန်ယူရရင် လက်ရှိ လုပ်နေတဲ့ အနုပညာ အလုပ်တွေနဲ့ စီးပွားရေးတွေ ထိခိုက်ကောင်း ထိခိုက်နိုင်တယ် ဆိုတာ သိပေမဲ့ ကိုယ့်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်အရ ဒီလမ်းကြောင်းကို ရွေးခဲ့တာလို့လည်း သူက ပြောပါတယ်။

သူဟာ ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီဝင် မဲဆန္ဒနယ် အမှတ် ၃ အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပါတယ်။

ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Htet Htt Htun
Image caption ပြိုင်ပွဲဝင် ဝတ်စုံနဲ့ အလှမယ် ထက်ထက်ထွန်း