ကျောင်းတွင်းမီးရှို့ ဆန္ဒပြမှုနဲ့ ရတနာပုံကျောင်းသား ၇ ယောက်ကို ထောင်ချ

ရတနာပုံ
Image caption ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ မျက်ကွယ်ပြု ခံနေရတယ်ဆိုပြီး အာဏာပိုင်တွေကို အသုဘချ မီးရှို့ခဲ့။

မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းတွင်း ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၇ ယောက်ကို မီးရှို့မှုပုဒ်မ ၄၃၅၊ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့နဲ့ ထောင်ဒဏ် ၃ လ တပေါင်းတည်း ကျခံဖို့ အမရပူရ မြို့နယ် တရားရုံးက ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

ကျောင်းသားတွေပေါ် စွဲထားတဲ့ နောက်ပုဒ်မတစ်ခုဖြစ်တဲ့ ၅ဝ၅ (ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုကိုတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးက အမှုရုပ်သိမ်းလိုကြောင်း လျှောက်ထား ထားတဲ့ အတွက် တရားသူကြီးက စွဲချက် ပယ်ဖျက် ပေးခဲ့တယ်လို့ တရားခွင်မှာ ရှိနေသူတွေက ပြောပါတယ်။

မီးရှို့မှု ပုဒ်မအတွက် အလုပ်နဲ့ထောင်ဒဏ် ၃ လ၊ ငြိမ်းစုစီအတွက် ထောင်ဒဏ် ၂ လ တို့ကို ထောင်ဒဏ် ၃ လ အဖြစ်သာ တပေါင်းတည်း ကျခံရမှာ ဖြစ်တယ်လို့ ထောင်ချခံရသူတွေရဲ့ လုပ်ဖော်ကိုင်ဘက် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေက ပြောပါတယ်။

ချုပ်ရက် ၁ လ ခွဲ ဝန်းကျင် ရှိနေပြီ ဖြစ်တဲ့ အတွက် အကျဉ်းထောင်ထဲ နောက်ထပ် တစ်လခွဲလောက် ဆက်နေရဖို့ ရှိတယ်လို့ ထောင်ချခံရသူတွေရဲ့ မိသားစုဝင် တချို့က ပြောပါတယ်။

Image caption ချုပ်ရက်နဲ့ဆို နောက် တစ်လခွဲလောက် ထောင်ထဲ ထပ်နေရမယ့် ကျောင်းသားတွေ

ကျောင်းသားတွေ ဘာလို့ ဖမ်းခံရ၊ ပုဒ်မတွေတပ် တရားစွဲခံရတာလဲ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် အစိုးရ အဖွဲ့ဝင် တချို့ရဲ့ ဓာတ်ပုံတွေ၊ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ဓာတ်ပုံတွေကို မီးရှို့တဲ့ လုပ်ရပ်တွေ ပါဝင်တဲ့ ကျောင်းတွင်း ဆန္ဒပြပွဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ကျောင်းတွင်း သန့်ရှင်းရေး အခြေအနေ၊ လုံခြုံရေး အခြေအနေ ဆိုးရွား ညံ့ဖျင်းနေတယ် ဆိုပြီး ကျောင်းသား လှုပ်ရှား တက်ကြွသူတွေ ဝေဖန် နေကြတုန်းမှာပဲ ရတနာပုံ ကျောင်းသား တစ်ယောက် ကျောင်း အနီး ဝန်းကျင်မှာပဲ လုယက် သတ်ဖြတ် ခံရတဲ့ အထိ ဖြစ်လာတဲ့နောက် ကျောင်းသား လှုပ်ရှားသူတွေရဲ့ မကျေနပ်ချက်တွေ ပိုတိုးလာခဲ့ပါတယ်။

အစိုးရ တာဝန်ရှိသူတွေ လာဖြေရှင်းပေး ဆိုတဲ့ သူတို့ရဲ့ တောင်းဆိုသံတွေ လျစ်လျူရှု ခံနေရတယ်လို့ ရှုမြင်နေခဲ့ကြတဲ့ သမဂ္ဂ အဖွဲ့ဝင် ကျောင်းသားတချို့ဟာ တာဝန်ရှိသူတွေရဲ့ အသုဘ အခမ်းအနား ဆိုပြီး နိုင်ငံရေး အရ သရော်ပြီး ကျောင်းဝင်း ဆန္ဒပြပွဲအတွင်း ပြုလုပ် ခဲ့တာမှာ စက္ကူနဲ့ ပြုလုပ်ထားတဲ့ အခေါင်းတွေ၊ ဓာတ်ပုံတွေကို မီးရှို့ပြတဲ့ အထိ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားတွေ မီးရှို့ခဲ့တဲ့ ဓာတ်ပုံတွေထဲ မန္တလေးတိုင်း နယ်လုံဝန်ကြီးရဲ့ ဓာတ်ပုံသာမက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေရဲ့ ပုံတွေလည်း ပါဝင်ပါတယ်။

ဒီနောက်မှာတော့ ဦးဆောင်လုပ်သူတွေလို့ အာဏာပိုင်တွေက ယူဆထားတဲ့ ကျောင်းသားတွေ ဖမ်းဆီး တရားစွဲခံရတာတွေ ဖြစ်လာပါတယ်။

ကျောင်းသား ၇ ယောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုက စလို့ ငြိမ်းစုစီ ဥပဒေ၊ မီးရှို့မှု ပုဒ်မတွေ အသီးသီး တပ်ခဲ့ပြီး အိုးဘိုထောင်ထဲ ထိန်းသိမ်း ထားတာဖြစ်ပါတယ်။

အပြင်မှာ ကျန်ခဲ့တဲ့ ကျောင်းသား တက်ကြွ လှုပ်ရှားသူတွေက အဖမ်းခံထားရသူတွေ လွတ်မြောက်ရေး အတွက် ဆက်လက် လှုပ်ရှား ခဲ့ကြပြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်တဲ့ အထိ အခြေအနေ ပေးလားပါတယ်။

Image caption တရားရုံးမှာ ဝန်းရံကြသူတွေ

အဲဒီ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် တက်ကြွသူတွေရဲ့ မျှော်လင့်ချက်က ဖမ်းခံထားရသူတွေ ရင်ဆိုင် နေရတဲ့ ပုဒ်မတွေကို ဝန်ကြီးချုပ် အနေနဲ့ ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။

ဒီလို တောင်းဆိုရတာကလည်း အဲဒီ ကာလ ဝန်းကျင်မှာပဲ အထွေထွေ အုပ်ချုပ်ရေး ဌာနကို တပ်မတော်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးအောက်ကနေ အရပ်သား အစိုးရရဲ့ စီမံမှုအောက် ပြောင်းရွှေ့လိုက်တယ် ဆိုတဲ့ အခြေအနေ တိုးတက် ပြောင်းလဲမှုတွေ ရှိနေပါတယ်။

ဒီတော့ ရဲက တရားလိုလုပ် စွဲထားတဲ့ ငြိမ်းစုစီ ပုဒ်မကလွဲပြီး ကျန် ပုဒ်မတွေကိုတော့ ထွေအုပ်က စွဲထားတာ ဖြစ်လို့ ဝန်ကြီးချုပ် အနေနဲ့ ပယ်ဖျက်ပေးပါ ဆိုပြီး ကျောင်းသားတွေက တိုက်တွန်း ခဲ့ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်က သူရဲ့လုပ်ပိုင်ခွင့် အတွင်းက အကောင်းဆုံး ဖြေလျော့ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် တရားခွင်မှာ အမရပူရ မြို့နယ် တရားသူကြီးက အမိန့်ချတဲ့ အခါမှာတော့ ထောင်နှစ်ရှည်ထိ ပြစ်ဒဏ်ပေးနိုင်တဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မကို မြို့နယ်ထွေအုပ်က ပယ်ဖျက်ထားတယ်လို့ ပြောခဲ့ပြီး ကျန် ပုဒ်မတွေနဲ့သာ စီရင် ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ အပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံ

လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့လို့ သွေးထွက်သံယို ဒဏ်ရာရတဲ့ အထိ ဖြစ်ခဲ့တဲ့ နောက်တစ်ရက်မှာပဲ အထက်မြန်မာပြည်က ကျောင်းသား လှုပ်ရှားတက်ကြွသူတွေ အပေါ် ထောင်ဒဏ် စီရင်တဲ့ အထိ အရေးယူတဲ့ အမရပူရ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တွေ့လာရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အရေးနဲ့ စစ်လွှမ်းမိုးမှု ဆန့်ကျင်ရေး အင်အားစုတွေဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလည်း ဖြိုခွင်းခံရ၊ အပစ်ပေးခံရ ဖြစ်နေတယ် ဆိုတဲ့ ရှုထောင့် အမြင်နဲ့ ဝေဖန်သံတွေ ရှိနေပါတယ်။

Image caption ရာဘာကျည်သင့်ခဲ့တဲ့ ကရင်နီလူငယ်

ဒါ့အပြင် ရိုက်တာ သတင်းထောက်တွေကို ထောင် ၇ နှစ် နှစ်ရှည် ချထားတဲ့ အပေါ်မှာလည်း သတင်း လွတ်လပ်ခွင့် အမြင်ကနေ အာဏာပိုင်တွေ အပေါ် ပြည်တွင်းပြည်ပ ဝေဖန်သံတွေ ရှိနေပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တစ်ခုဖြစ်တဲ့ Fortify Rights ရဲ့ အမှုဆောင် အရာရှိချုပ် မက်သယူ စမစ်ကလည်း မြန်မာ အာဏာပိုင်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အလွန်အကျွံ အင်အားသုံး ဖြိုခွဲတာ၊ သေစေလောက်အောင် ပြုမူတာတွေ ခေတ် အဆက်ဆက် လုပ်ဆောင် နေခဲ့တယ်လို့ ဝေဖန် ပြောဆိုပါတယ်။

အဲဒီ မကောင်းတဲ့ အစဉ်အလာကို အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ ချိုးဖျက်သင့်တယ်လို့လည်း မစ္စတာ စမစ်က ဆိုပါတယ်။

ထောင်ချခံခဲ့ရတဲ့ ရတနာပုံ ကျောင်းသားတွေကတော့ တရားစီရင်ရေး အပေါ် အာရုံစိုက် ဝေဖန်တာမျိုး မလုပ်ပေမယ့် ရတနာပုံ တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုရဲ့ အဓိက အရင်းခံဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေး ကောင်းမွန်ရေးကိုသာ သူတို့ဘက်က အလေးထားတဲ့ သဘောမျိုး ပြောဆိုပါတယ်။

တကယ်လို့ ကျောင်းတွေရဲ့ လုံခြုံရေး၊ ကျောင်းသားတွေ အသတ်ခံနေရတာနဲ့ ပတ်သက်ပြီး တောင်းဆို ထားတာတွေကို ဖြည့်ဆည်း မပေးရင် သူတို့ ပြန်လွတ်လာတဲ့အခါ ကျရင်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ထပ်မံတောင်းဆိုသွားမှာ ဖြစ်တယ်လို့ ရုံးချိန်း စစ်ဆေးအပြီး ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ