တိုင်းဝန်ကြီးချုပ်ကို ဖယ်ရှားပေးဖို့ မြိတ်ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ် အစိုးရအဖွဲ့ကိုဆုံးမဖို့ရှိတယ်လို့ အတိုင်ပင်ခံတုန့်ပြန်၊ RCSS/SSA ကို မြန်မာ့တပ်မတော် သတိပေးအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အစိုးရအဖွဲ့ကို ဆုံးမဖို့ရှိတယ်လို့ အတိုင်ပင်ခံပြော

၁)တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ဖယ်ရှားပေးဖို့ ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ် အစိုးရအဖွဲ့ကို ဆုံးမဖို့ရှိတယ်လို့ အတိုင်ပင်ခံတုန့်ပြန်ပြောဆို

ဖေဖော်ဝါရီ ၁၃ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်မြို့ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေတဲ့အချိန် မှာပဲ တနင်္သာရီတိုင်းအစိုးရအဖွဲ့ကို ဖယ်ရှားပေးဖို့ မြိတ်မြို့ က ပုလဲရတနာခန်းမရှေ့မှာ ပြည်သူတွေက ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။

ဒေသခံတွေနဲ့တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီဒေသကို လာရတာက အစိုးရအဖွဲ့ကို နည်းနည်းဆုံးမဖို့ ဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့တယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တိုင်းအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ တိုင်းNLD အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး တို့ကို အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး ဒေသခံတွေရဲ့ တိုင်ကြားထားတွေရှိနေပါတယ်။

၂)RCSS/SSA ကို မြန်မာ့တပ်မတော် သတိပေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က တပ်မတော်သားအချို့ရဲ့ ပစ္စည်းတွေ ယူဆောင်သွားတာကို သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးအပ်ဖို့နဲ့ သတ်မှတ်ချိန်အတွင်းမပေးရင် ပြင်းထန်စွာ အရေးယူဆောင်ရွက်မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက တပ်ရင်း ၂ ရင်းကနေ ယာယီတာဝန်အပြီး တောင်ကြီးကနေကျိုင်းတုံ ပြန်လာတဲ့ တပ်ရင်းမှူး ၂ ဦး စီးနင်းလာတဲ့ ၁/၄ တန် စစ်ကား ၁ စီး ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့်ကျိုင်းတုံ အကြား ပြည်ထောင်စုကားလမ်းမကြီး ပေါ်မှာ အင်အား ၅၀ ဦးခန့်ပါဝင်တဲ့ RCSS/SSA အဖွဲ့က တားဆီးပြီး ယာဉ်ပေါ်ပါတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းသွားခဲ့တာကို ပြန်ပေးဖို့ တောင်းဆိုထားတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

RCSS/SSA အဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီးတဲ့အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

၃)ဝေဖန်မှုတွေရှိခဲ့ပြီးနောက် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ပါချုပ်နေရာ လူအပြောင်းအလဲလုပ်

ပြီးခဲ့တဲ့လပိုင်းအတွင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ သင်ကြားလေ့ကျင့်ပေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက်မှာတော့ ပါမောက္ခချုပ် နေရာကို လူအပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချုပ် ဦးညီညီစံနေရာကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီး ဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနဲ့ ရာထူးနေရာ လဲလှယ် ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှာ ကြေညာခဲ့ပါတယ်။

' ' တချို့ သင်တန်းသားတွေရဲ့ တုန့်ပြန်ချက်အရ အုပ်ချုပ်မှုပိုင်းပဲဖြစ်စေ သင်ခန်းစာအပိုင်းပဲဖြစ်စေ အမြဲ အဖွဲ့အစည်းအဝေးမှာတင်ပြပြီးတော့မှ ပြင်သင့်တာတွေကို ပြင်နေပါတယ်။ ဒါမျိုး သင်တန်းသားတွေရဲ့ တုန့်ပြန်မှုကို အလေးထားပြီး လုပ်နေတာတွေတော့ရှိပါတယ်''လို့ လုပ်ဆောင်သွားမယ့်ပုံစံနဲ့ပတ်သက်ပြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဖြစ်လာတဲ့ ဦးကျော်စိုးက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် RAKHINE FIRE FORCE
Image caption ပျောက်ဆုံး ၁၉ ဦးထဲက ၁၀ ဦးရုပ်အလောင်းကို ပြန်လည်တွေ့ရှိ

၄)ဆင်ပြောင်သင်္ဘောနှစ်မြုပ်မှုမှ ပျောက်ဆုံး ၁၉ ဦးထဲက ၁၀ဦးရုပ်အလောင်းကို ပြန်လည်တွေ့ရှိ

ဖေဖော်ဝါရီ ၁၁ရက်နေ့၊ မနက် ၄ နာရီခွဲလောက်က ကျောက်ဖြူခရိုင်၊မာန်အောင်မြို့နယ်၊ ဇီးတော ကမ်းခြေနဲ့(၄)မိုင်ခန့်အကွာမှာ နှစ်မြုပ်သွားခဲ့တဲ့ ဆင်ပြောင်သင်္ဘောက ပျောက်ဆုံးသူ ၁၉ ဦးထဲက ၁၀ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူရရှိထားပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက နေ သိရပါတယ်။

အဆိုပါဆင်ပြောင်သင်္ဘောဟာ လက်ဖက်ကျွန်းမီးပြတိုက်ပျက်လို့ ပြုပြင်ဖို့သွားရာက ရပ်တန့်ထားစဉ် လှိုင်းကြီးလို့ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေထံကသိရပါတယ်။

' ' ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ ပြန်တွေ့ထားတဲ့သေသူတွေအတွက်တော့ အစိုးရက တစ်ဦးကို ကျပ် ၂သိန်းနဲ့ထောက်ပံ့ပေးဖို့လုပ်နေတယ်'' လို့ မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ဘီဘီစီကို ပြောကြားထားပါတယ်။

ကနဦး သတင်းတွေအရ သင်္ဘောပေါ် လိုက်ပါသွားသူ ၂၅ဦး ရှိတယ်လို့ဆိုသော်လည်း စာရင်းမသွင်းဘဲ လိုက်ပါလာသူ သင်္ဘောသားတစ်ဦးလည်း ပါဝင်တာ ကြောင့် စုစုပေါင်း ၂၆ဦးလိုက်ပါခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

စုစုပေါင်း ၂၆ ဦးထဲက ၇ ဦးသာ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။