ကြည်လင်းကို သေဒဏ်ချမှတ်ပြီး ဇေယျာဖြိုးကို ၅ နှစ်ပဲ ချတဲ့အပေါ် ဦးကိုနီရဲ့ ရှေ့နေ ထောက်ပြ

ဦးကိုနီ၊ ကြည်လင်း၊ ဇေယျာဖြိုး၊ NLD ဓာတ်ပုံ မူပိုင် EPA
Image caption ဇေယျာဖြိုးကို အမိန့်ချမှတ်ဖို့ ရုံးထုတ်လာစဉ်

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကျိုးဆောင် ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုကြောင့် တရားခံ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ် ချမှတ်ခဲ့ပေမဲ့ ဒီအမှုနဲ့ ဆက်နွယ်နေတဲ့ ဇေယျာဖြိုးကိုတော့ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

ဇေယျာဖြိုးနဲ့ ပတ်သက်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တရားလို ရှေ့နေဘက်က ဥပဒေရေးရာ သဘောထား ကွဲလွဲမှု ရှိတယ်လို့ ဦးကိုနီ မိသားစုရဲ့ ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

ဦးကိုနီကို သတ်ဖြတ်တဲ့ အမှုကို မကျူးလွန်ခင်တုန်းက အဲဒီပြစ်မှုကို အားပေးကူညီမှုထဲမှာ ဇေယျာဖြိုး ပါဝင်တာ မတွေ့ရဘူးလို့ တရားရုံးက သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြစ်မှု ကျူးလွန်ပြီးတဲ့အခါမှာ ပြစ်မှု ကျူးလွန်ကြောင်း သိလျက်နဲ့ တရားခံပြေး အောင်ဝင်းခိုင်ကို လွတ်မြောက်အောင် အားပေး ကူညီခဲ့တယ် ဆိုပြီး ရာဇဝတ်ပုဒ်မ ၂၁၂ ပထမပိုင်းအရ ပြစ်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအပိုင်းနဲ့ ပတ်သက်လို့ ဒီအမှုမှာ အဓိကအားဖြင့် အမှုတွဲ ပေါ်ပေါက်ချက်တွေအရ ကြည်လင်း လူသတ်မှု ကျူးလွန်အောင် ဦးဆောင် ဦးရွက် ပြုလုပ်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင်နဲ့ ဆက်နွယ်မှုတွေ ရှိနေလျက်သားနဲ့ ဒီဆက်နွယ်မှုတွေကို တရားရုံးက လက်မခံတဲ့ အပိုင်းနဲ့ ပတ်သက်လို့ တရားလို ရှေ့နေတွေဘက်က သဘောကွဲလွဲနေတယ်လို့ ဦးနေလက ပြောပါတယ်။

ဒါပေမယ့်လည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဘာမှ ဝေဖန်စရာ မရှိကြောင်းနဲ့ မကျေနပ်ရင် မကျေနပ်တဲ့အတိုင်း အထက်တရားရုံးကို တက်ခွင့် ရှိတာမို့ ခရိုင်ဥပဒေ အရာရှိနဲ့ အစည်းအဝေး ထိုင်ခဲ့သလို ဦးကိုနီ မိသားစုရဲ့ ဥပဒေရေးရာ အဖွဲ့အတွင်းမှာလည်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ရှေ့နေ ဦးနေလက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုနဲ့ ကြည်လင်းကို တရားရုံးက သေဒဏ်ချမှတ်

ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တဲ့ အောင်ဝင်းခိုင်နဲ့ ပတ်သက်လို့တော့ အောင်ဝင်းခိုင်ဟာ တရားခံပြေး ဖြစ်တဲ့အတွက် သူ့အပေါ် အမှုစစ်ဆေးတာ မရှိပေမယ့် အောင်ဝင်းခိုင်ဟာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ဦးဆောင် စီမံ ဆောင်ရွက်သူ ဖြစ်တဲ့အတွက် အမှုစစ်ဆေးတဲ့အခါ သူ့အပိုင်းကဏ္ဍတွေ အားလုံး ပါလာကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဥပဒေအရ တရားခံကို ခုခံ ချေပခွင့် မပေးဘဲ နောက်ကွယ်မှာ ပြစ်ဒဏ် ချမှတ်တာမျိုး မရှိတဲ့အတွက် အောင်ဝင်းခိုင်ဟာ တရားခံပြေး အဖြစ်နဲ့ပဲ ဆက်ရှိနေတယ်လို့ ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။