ဒိုင်းနက်လူမျိုး ၃ ဦးရဲ့ အလောင်းတွေကို ဒဏ်ရာတွေနဲ့အတူ မြှုပ်ထားတာ တွေ့ရှိ

အသတ်ခံရသူတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်း အထက် သင်္ဘောလှ ကျေးရွာက ဖြစ်ပါတယ်
Image caption အသတ်ခံရသူတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်း အထက် သင်္ဘောလှ ကျေးရွာက ဖြစ်ပါတယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း အထက် သင်္ဘောလှ ကျေးရွာက ပျောက်ဆုံး နေတဲ့ ဒိုင်းနက်လူမျိုး ၃ ဦးရဲ့ အလောင်းကို ဒဏ်ရာတွေနဲ့အတူ ဖေဖေါ်ဝါရီ လ ၁၆ ရက် မနက်က ကျင်းတခုတည်းမှာ အတူ မြှုပ်နှံ ထားတာ ကိုတွေ့ ခဲ့ရ ပါတယ်။

အဲဒီရွာသား ၃ ဦးဟာ ဖေဖေါ်ဝါရီလ ၁၅ ရက် သောကြာနေ့က က ငါးရှာဖို့ သွားရောက်ရာ ကနေ ပျောက်နေခဲ့တာ ဖြစ်ပြီး ညဉ့် အချိန်ထိ အိမ်ပြန် မရောက်တဲ့ အတွက် စနေနေ့ မနက်မှာ လိုက်လံရှာဖွေရာ ရွာကနေ ၂ မိုင် အကွာလောက်မှာ အလောင်းတွေကို မြေကျင်း တခုတည်းမှာ ဒဏ်ရာတွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရှာဖွေ တွေ့ရှိခဲ့တာကို ဒေသခံ ရွာသား တစ်ဦး ဖြစ်သူ ဦးမောင်ဝင်းလှိုင် က အာဆာ အဖွဲ့က သတ်တာလို့ ယူဆရကြောင်း ပြောပါတယ်။

အသတ် ခံခဲ့ရသူ များမှာ အထက် သင်္ဘောလှ ကျေးရွာမှ ဦးလှထွန်းမောင် (၃၈) နှစ်၊ ဦးထွန်း (၄၀) နဲ့ ဦးမောင်ထွန်းစိန် (၄၀) နှစ်တို့ ဖြစ်ကြ ပါတယ်။

ဒီလို ဒိုင်းနက် တိုင်းရင်းသား ၃ ဦး အသတ်ခံရပြီး တွင်းတတွင်း ကနေ အတူ ရှာဖွေတွေ့ရှိရတာကို မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော် ကလည်း အတည်ပြု ပြောကြားပါတယ်။

ခုလို တိုင်းရင်းသား လူနည်းစု တွေ မောင်တောမြို့နယ်မှာ အသတ်ခံနေရတဲ့ အတွက် တရား ဥပဒေ စိုးမိုးရေးဟာ အဲဒီ ဒေသမှာ အသက် မဝင်သေးဘူး လို့လည်း ဦးလှထွန်းကျော် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NIRINJARA
Image caption ဘင်္ဂလားဒေ့ရှ် မှာ သက်လူမျိုးတွေရဲ့ နေအိမ် ဆိုင်ခန်းတွေ မီးရှိ့ ခံရ

ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးကြီး တင်ဟန်လင်း ဆက်သွယ် မေးကြည့်တော့ ဒီလူသတ်မှုနဲ့ ပတ်သက် ပြီး စိစစ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဒေသမှာ လူနည်းစု တိုင်းရင်းသားတွေ မကြာခဏ အသတ်ခံ နေရပေမယ့် လက်သည် တရားခံကို ဖော်ထုတ် ဖမ်းဆီး နိုင်တာလည်း တခါမှ မရှိတဲ့ အတွက် ဒေသခံ အများစု ကတော့ သူတို့ရဲ့ လုံခြုံရေး အပေါ် အထူး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။