ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှု ဒီကနေ့လွှတ်တော်မှာ ဆုံးဖြတ်မယ် စတဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ခင်း သိသင့်တဲ့သတင်းတွေ

ဓာတ်ပုံ မူပိုင် MOI
Image caption ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှု ဒီကနေ့လွှတ်တော်မှာ ဆုံးဖြတ်မယ်

(၁) ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှု ဒီကနေ့လွှတ်တော်မှာ ဆုံးဖြတ်မယ်

ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ယူ မဲခွဲပြီး အတည်ပြုခဲ့ပါတယ်။

ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦး နဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကော်မတီအဖွဲ့ဝင် ၄၅ မှာ NLD ပါတီ ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ၂ ဦးနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၁ ဦး စီနဲ့ တစ်သီးပုဂ္ဂလ ၁ ဦးတို့ ပါဝင်ပါတယ်။

ကော်တီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင်၊ အတွင်းရေးမှုးအဖြစ် ဒေါက်တာ မြတ်ဉာဏစိုးနဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးပြုံးချို (ခေါ်) ဦးဌေးဝင်းအောင် တို့က တာဝန်ယူထားတယ်။

လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၄ ခု ထဲက ၁၂ ပါတီက ပူးပေါင်းေကော်မတီထဲ ပါဝင်မယ့် ကိုယ်စားလှယ်ရဲ့ အမည်စာရင်း ပေးထားပြီး ဖြစ်ပေမယ့် ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်အမည်စာရင်းကိုတော့ ပေးထားတာ မရှိသေးပါဘူး

ပူးပေါင်းကော်မတီရဲ့ တာဝန်တွေထဲမှာ ဒီမိုကရေစီ စံနှုန်းများနဲ့ မညီညွတ်တဲ့ ပြဋ္ဌာန်းချက်တွေ၊ ရှေ့နောက် ညီညွတ်မှု မရှိတဲ့ ပြဌါန်းချက်တွေ၊ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး အာဏာသုံးရပ်ကို တဖက်စောင်းနင်းဖြစ်စေတဲ့ ပြဌာန်းချက်တွေကို လေ့လာသုံးသပ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Fire Department
Image caption ရွှေပြည်သာ အထပ်သားစက်ရုံ မီးလောင်လို့ ၁၂ ဦး ဒဏ်ရာရ

(၂) ရွှေပြည်သာ အထပ်သားစက်ရုံ မီးလောင်လို့ ၁ ဦး ဒဏ်ရာရ

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းက HONDA(Myanmar) အထပ်သားစက်ရုံမှာ ဖေဖော်ဝါရီလ ၁၈ ရက် ည ၇ နာရီ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားလို့ အထပ်သား စက်ရုံဝန်ထမ်း ၁၄ ဦး မီးလောင် ဒဏ်ရာ ရရှိခဲ့ပါတယ်။

" ၂ ဦး ကတော့ မီးလောင်ဒဏ်ရာ ပြင်းလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားရပါတယ်။ ၁၂ ဦးကတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားတယ်။ မီးလောင်ရတဲ့ အခြေအနေနဲ့ ပျက်စီး ဆုံးရှုံးမှုကတော့ အခုချိန်ထိ မသိရသေးဘူး " လို့ ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်ရုံလုပ်သားတွေရဲ့ ခန္ဓာကိုယ်အရေပြားတွေမှာ ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာရသူတွေ များတာကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရသူတချို့က ပြောပါတယ်။

မီးလောင်မှုကိုတော့ အနီးနားမြို့နယ်တွေက မီးသတ်ကားတွေကပါ လာရောက်ငြိမ်းသတ်ခဲ့ပြီး ည ၈ နာရီခွဲကျော်လောက်မှာ မီးငြိမ်းနိုင်တယ်လို့ ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် တနင်္သာရီဂျာနယ်
Image caption တနင်္သာရီဂျာနယ် သရော်စာဖော်ပြမှုကို အပြစ်ရှိကြောင်း အမိန့်ချမှတ်မှုအပေါ် ကန့်ကွက်ရှုံ့ချ

(၃) တနင်္သာရီဂျာနယ် သရော်စာဖော်ပြမှုကို အပြစ်ရှိကြောင်း အမိန့်ချမှတ်မှုအပေါ် ကန့်ကွက် ရှုတ်ချ

တနင်္သာရီဂျာနယ် သရော်စာဖော်ပြမှုကို အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေ ကျပ် ၅ သိန်း အမိန့်ချမှတ်မှုအပေါ် သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကန့်ကွက် ရှုတ်ချ ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က သဘောထား ထုတ်ပြန်တယ်။

တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "မဲဆွယ်အပြုံး" သရော်စာဟာ တနင်္သာရီတိုင်း အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်မိသားစုကို ရည်ညွှန်းလို့ဆိုပြီး တိုင်းအစိုးရက သတင်းမီဒီယာ ဥပဒေ ပုဒ်မ - ၂၅ (ခ) နဲ့ စွဲဆိုခဲ့တဲ့ အပေါ် ထားဝယ်မြို့နယ် တရားရုံးက အပြစ်ရှိတယ် ဆိုပြီး ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင်ဖို့နဲ့ မပေးဆောင်ရင် ထောင်ဒဏ် ၆လ ကျခံစေရန် ထားဝယ်မြို့နယ် တရားရုံးက မနေ့က ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်လိုက်တာဟာ သတင်းလွတ်လပ်ခွင့် မျက်ကွယ်ပြုတဲ့ စီရင်ချက်ဖြစ်တယ်လို့ ဆိုပြီး အချက် ၅ ချက်နဲ့ သတင်းမီဒီယာအဖွဲ့တွေက သတင်းသမားအဖွဲ့အစည်းတွေက ကန့်ကွက် ရှုတ်ချ ခဲ့တာပါ။

သတင်းမီဒီယာ ဥပဒေ ရပိုင်ခွင့် အခန်း ပုဒ်မ - ၄ (က) ပါ အရ "ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုင်ရာတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြုရေးသားခွင့် ရှိတယ်လို့ အာမခံရှိထားပါတယ်။

သတင်းမီဒီယာဟာ အစိုးရအပါအဝင် မဏ္ဍိုင်အသီးသီး အားနည်းချက်တွေ၊ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုတွေကို အစိုးရနဲ့ ပြည်သူတွေ သိရှိစေဖို့ ဖော်ထုတ်ရေးသားရတဲ့ တာဝန် ဖြစ်ပြီး ခုလို ပြစ်ဒဏ်ချတာက မြန်မာ့မီဒီယာ လောကတစ်ခုလုံးရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုလည်း ချိုးဖောက်တာ ဖြစ်တဲ့အတွက် သတင်းမီဒီယာ အဖွဲ့အစည်း ၈ ဖွဲ့က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။