ပလက်ဝ က စစ်ရှောင် ၁၁ ဦးနဲ့ အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်းအက်ဥပဒေနဲ့ စွဲချက်တင်

ကျောက်တော်မြို့က စက်လှေဆိပ်၊ ကူးတို့ဆိပ်တွေမှာ စစ်ဆေးမှုတွေလုပ် ဓာတ်ပုံ မူပိုင် Narinjara
Image caption ကျောက်တော်မြို့က စက်လှေဆိပ်၊ ကူးတို့ဆိပ်တွေမှာ စစ်ဆေးမှုတွေလုပ်

ပလက်ဝမြို့နယ် ရှင်းလက်၀ ကျေးရွာက စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၁၁ ယောက် အပါအဝင် ရခိုင်ပြည်နယ် ကျောက်တော်မြို့က အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်း (အက်) ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့နဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ကျောက်တော်မြို့နယ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

"မနေ့က တရားစွဲတင်တာ၊ ဖမ်းတုန်းက ၂၆ ယောက်ပါ။ ၁၃ ယောက်ကို ၁၇ (၁)၊ ၁၇ (၂) နဲ့ စွဲတင်တယ်။ ဖမ်းဆီးထားသူတွေရဲ့ လက်ထဲကတော့ ဘာမှမိတာ မရှိဘူး။ ရဲတပ်ဖွဲ့နဲ့ စအဖ အဖွဲ့ရဲ့ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားစွဲတင်တာ" လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

ပလက်ဝမြို့နယ် ရှင်းလက်၀ ကျေးရွာသား စစ်ဘေးရှောင် ၂၄ ယောက်နဲ့ အတူ ကျောက်တော်က အိမ်ရှင်ဇနီးမောင်နှံဖြစ်တဲ့ ကုန်သည် ဦးသိန်းစိုးနဲ့ ဒေါ်လှလှရီတို့ကို ဖေဖော်ဝါရီလ ၃ ရက်က ကျောက်တော် ရဲစခန်းက ဖမ်းဆီးခဲ့တာပါ။

သူတို့တွေကို ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။ ၂၆ ယောက်ထဲက ကျန် ၁၃ ယောက်ကိုတော့ ခံဝန်ချက်နဲ့ အာမခံပေး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

သူတို့တွေကို ကျောက်တော်မြို့က အိမ်ရှင်ဇနီးမောင်နှံရဲ့ နေအိမ်မှာ ဖေဖော်ဝါရီလ ၃ ရက် ည ၁၂ နာရီ ၁၀ မိနစ်လောက်က အရပ်ဝတ်နဲ့ ရဲတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေက လာရောက် ဖမ်းဆီးပြီး စစ်တွေမြို့ကို ခေါ်ဆောင်ပြီး စစ်ဆေးခဲ့တာပါ။

သူတို့တွေကို ကျောက်တော် အခြေစိုက် ခလရ ၃၇၅ တပ်ရင်းက ဗိုလ်မှုးနိုင်အောင်ဖြိုးက တရားလို လုပ်ပြီး အမှုဖွင့် တရားစွဲဆိုတာ ဖြစ်တယ်လို့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပါအဝင်၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တွေမှာလည်း အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေလို့ ကျေးရွာမှာ နေထိုင်သူတွေဟာ မြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption ကျောက်တော်မြို့က စက်လှေဆိပ်၊ ကူးတို့ဆိပ်တွေမှာ စစ်ဆေးမှုတွေလုပ်

" တောဘက်တွေမှာ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတော့ စိုးရိမ်ကြောင့်ကြမှုလွန်ပြီး မြို့ပေါ်ကို စစ်ရှောင် ထွက်ပြေးလာရင်း အခုလို အဖမ်းခံကြရတာ" လို့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

လာမယ့် ရုံးထုတ်စစ်ဆေးမှုကို မတ်လ ၄ ရက် ကို ချိန်းဆိုထားပြီး လုံခြုံရေး အခြေအနေအရ စစ်တွေတရားရုံးမှာပဲ ရုံးထုတ် စစ်ဆေးမယ်လို့ ကြားသိရကြောင်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေမှာ ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်တွေက လူထုကြားထဲ ရောနှော ဝင်ရောက်နေထိုင်နေတာ သတင်းရတယ်လို့ဆိုပြီး ဇန်နဝါရီ ၂၅ ရက် က အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ လဝက၊ မီးသတ်၊ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးဆောင်ရွက်ဖို့ စာထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆေးဖို့ ညွှန်ကြားချက်ထွက်လာပြီး တစ်ပတ်ကျော်အကြာ ဖေဖော်ဝါရီ ၆ ရက် က စတင်ပြီး ကျောက်တော်မြို့က စက်လှေဆိပ်၊ ကူးတို့ဆိပ်တွေနဲ့ ကျေးရွာတချို့မှာ စစ်ဆေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။