တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် လူကုန်ကူး ရောင်းစားခံရသူတွေကို ကယ်တင်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
စစ်ဆေးရေးဂိတ်စခန်းတခုမှာ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးအဖွဲ့က ပညာပေးစစ်ဆေးနေစဉ်
တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ ရောင်းစားခံရတော့မယ့် အမျိုးသမီး ၂ ဦးကို တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခဲ့တဲ့ ဒီအမှုမှာ မြန်မာနိုင်ငံသား ပွဲစား ၂ ဦးနဲ့ အတူ တရုတ်နိုင်ငံသား အမျိုးသမီးပွဲစား ၁ ဦး ကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးက ရဲမှူးကျော်ညွှန့်က ပြောပါတယ်။
" တရားခံတွေက အားလုံးပေါင်း မြန်မာနိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးပါ။ တရုတ်နိုင်ငံသားကိုတော့ သူတို့က လွှဲပေးတာ မရှိဘူး။ သူတို့ဥပဒေနဲ့ သူတို့အရေးယူတယ်ပေါ့။ မြန်မာအမျိုးသမီးကို ဝယ်ပေါင်းတဲ့ တရုတ် အမျိုးသားကို ဖမ်းတယ်ဆိုတဲ့ ဥပဒေလည်း သူတို့ဥပဒေမှာ မရှိဘူး" လို့ ရဲမှူးကျော်ညွှန့်က ပြောပါတယ်။
ဒီအမှုကို သတင်းပေးတာ ရှိတဲ့အတွက် တရုတ်နိုင်ငံ ရင်ကျန်းမြို့အထိ ကချင်ပြည်နယ် မြန်မာ - တရုတ် နယ်စပ်မှာ ရှိတဲ့ လွယ်ဂျယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က တရုတ် ရဲတပ်ဖွဲ့နဲ့အတူ သွားရောက် စုံစမ်းဖော်ထုတ်ခဲ့လို့ ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသား ပွဲစား ၂ ဦး ကိုတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေနဲ့ တရားစွဲဆိုထားပြီး ဖြစ်တယ်လို့ ရဲမှူးကျော်ညွှန့်က ပြောပါတယ်။
လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေဟာ အသက် ၃၁ နှစ် ကနေ ၃၉ နှစ် ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ ရှမ်းပြည်နယ် မူဆယ်မြို့တွေမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, THAUNG TUN
နယ်စပ်မြို့တွေက သတို့သမီး ခေါ်ယူတဲ့ ကြော်ငြာစာတခု
အခု လူကုန်ကူးခံရသူတွေဟာ ငွေကြေးနဲ့ ဆွဲဆောင်ခံရတဲ့အတွက် သူတို့ကိုယ်တိုင် သဘောတူ လိုက်ပါလာသူတွေ ဖြစ်တာကို တွေ့ရတယ်လို့ ရဲမှူးကျော်ညွှန့်က ပြောပြပါတယ်။
တရုတ်နိုင်ငံဘက်က သတို့သမီး လိုအပ်ချက်အရ တရုတ် - မြန်မာ နယ်စပ်မြို့တွေမှာ သိန်းရာကျော် အထိ ပေးမယ်ဆိုတဲ့ ကြေငြာစာတွေ ကပ်ပြီး မြန်မာအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့ ခေါ်ဆိုတာတွေ ရှိနေပါတယ်။
တရုတ်အမျိုးသားတွေနဲ့ အတင်း အဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူးရောင်းစားခံရတဲ့ မြန်မာအမျိုးသမီး ၇,၅၀၀ လောက် ရှိတယ်လို့လည်း ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်မှာ သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

တရုတ်ဇနီးသည်အဖြစ် လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေ ထောင်ချီရှိ
လူကုန်ကူးခံရတဲ့ထဲမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တွေလည်း ပါဝင်