ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးတက္ကသိုလ်မှာ ပထမဆုံးအကြိမ် သင်တန်းပို့ချ

ဓာတ်ပုံ မူပိုင် PHYO HEIN KYAW/AFP/Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုယ်စားပြုပြီး တပ်မတော်နဲ့ ရဲ အရာရှိကြီးတွေကို သင်တန်းပို့ချခဲ့

ဖေဖော်ဝါရီလ ၁၉ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ နိုင်ငံခြားရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် သင်တန်းပို့ချခဲ့တယ်လို့ တပ်မတော်အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အဲဒီသင်တန်းမှာ တပ်မတော် အရာရှိကြီးတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အရာရှိကြီးတွေ၊ ရဲမှူးကြီးတွေ တက်ရောက် သင်ယူခဲ့တယ်။

"ဒါက ပထမဆုံးအကြိမ်လို့ ပြောလို့ ရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုယ်စားပြုပြီး လာရောက် သင်ပေးတာလို့ သိရပါတယ်။ အဓိက ဆွေးနွေးပို့ချသွားတာက နိုင်ငံခြားရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ နောက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သင်သွားတယ်"လို့ တပ်မတော်အရာရှိက ပြောပါတယ်။

ဒီသင်တန်းက တပ်မတော်အရာရှိ၊ ရဲအရာရှိကြီးတွေ အတွက် နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အခါမှာ ပိုပြီးတော့ အမြင်ကျယ်လာစေပြီး နိုင်ငံတကာနဲ့ ဆက်ဆံရမှာ လက်တွေ့လုပ်ကိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်သင်ပေးတာကြောင့် သင်တန်းသားတွေ သီအိုရီထက် လက်တွေ့ကျကျ ပိုပြီး သိမြင်လာမှာ ဖြစ်တဲ့အတွက် အကျိုးရှိတဲ့ သင်တန်းဖြစ်တယ်လို့ အထက်ပါတပ်မတော်အရာရှိက ပြောပါတယ်။