အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် တက်မယ် စတဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ခင်း သိသင့်တဲ့သတင်းတွေ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

(၁) အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် တက်မယ်

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် တက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၃ ရက် အထိ သံတွဲမြို့နယ် ငပလီကမ်းခြေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိုရမ်အပြီးမှာ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိပေမယ့် စစ်တွေမြို့နဲ့ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ တွေ့ဆုံဖို့က မသေချာဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၁၅ အထိ တနင်္သာရီတိုင်းဒေသကြီးကို ၃ ရက် ကြာ သွားရောက်ခဲ့ပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ဒေသခံပြည်သူတွေက တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အားနည်းတာ၊ ပွင့်လင်းမြင်သာမှု မရှိတာ၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် ရဲနောင်(7COLOUR)
Image caption ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၅၀ ကျော်ရှိ

(၂) ကရင်နီလူငယ် ၅၅ ဦးကို စွဲဆိုထားတဲ့ အမှုအားလုံး ပြန်ရုပ်သိမ်း

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်တုရွှေ့ပြောင်းပေးရေး ဆန္ဒထုတ်ဖော်လို့ တရား စွဲဆိုခံထားရတဲ့ လူငယ် ၅၅ ဦးရဲ့ အမှုတွေအားလုံးကို အာဏာပိုင်တွေဘက်က ပြန်လည်ရုပ်သိမ်းပေး လိုက်ပါတယ်။

လူငယ်တွေကို စွဲဆိုထားတဲ့ အမှုအားလုံးကို ဖေဖော်ဝါရီ ၂၀ ရက်က လွိုင်ကော်မြို့နယ်မှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ အပြီးသတ် ရုပ်သိမ်းလိုက်ပြီလို့ တရားသူကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကြေးရုပ်တု ဖယ်ရှားပေးရေး ဆန္ဒထုတ်ဖော်တဲ့ လူငယ် ၅၀ ကျော်ကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀နဲ့ ရဲမှူး ဝင်းနိုင် က တရားလိုလုပ်ပြီး တရား စွဲဆိုထားခဲ့တာ ဖြစ်တယ်လို့ တရားစွဲခံကရင်နီလူငယ်တွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုကို အများပြည်သူပိုင် ပန်းခြံကနေ ဖယ်ရှားပေးရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်နီလူငယ် တွေနဲ့ အစိုးရ အဖွဲ့တို့ အကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် တလအတွင်း လူငယ်တွေဘက်က ဆန္ဒဖော်ထုတ်တာတွေ ရပ်ဆိုင်းထားဖို့နဲ့ လူငယ်တွေကို စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်းပေးရေး သဘောတူခဲ့ပြီးနောက် အခုလို အမှုအားလုံးကို ပြန်လည် ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို အမှုတွေ ရုပ်သိမ်းပေးလိုက်ပေမယ့် ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားပေးရေးကိုတော့ လက်လျှော့သွား မှာ မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကရင်နီလူငယ် မမော်မိုးမြာက ပြောပါတယ်။

(၃) တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို ဒေသခံတိုင်းရင်းသားတွေက ဝိုင်းဝန်းကူညီဖို့ အဆို ရှုံးနိမ့်

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် အတွင်းက ဒေသခံ တိုင်းရင်းသားတွေက တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းတဲ့ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် (AA) ထိုးဖောက် ဝင်ရောက်လာမှုကို ထိထိရောက်ရောက် မတားဆီးနိုင်ရင် နိုင်ငံတော် အစိုးရရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး သာမက အချုပ်အခြာ အာဏာများ တဖြည်းဖြည်း ဆုံးရှုံးသွားနိုင်တဲ့ အထိ ဖြစ်လာနိုင်လို့ အဆိုတင်သွင်းတာလို့ ဆိုပါတယ်။

အခု တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ပြည်နယ် အစိုးရက ကိုင်တွယ် ဖြေရှင်းနိုင်ချေ မရှိကြောင်းနဲ့ ပြည်ထောင်စု အစိုးရက ကိုင်တွယ် ဖြေရှင်းဖို့သာ လိုအပ်ပြီး၊ AA အဖွဲ့ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ် ရောက်အောင် ခေါ်ယူဖို့ကသာ အဓိက လိုအပ်နေလို့ ကန့်ကွက်ခဲ့ရတာလို့ အမှတ် (၂) ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျူးမုန်းတီးရေး တိုက်ခိုက်မှုတွေကို ဆန္ဒပြ

(၄) ဂျူးမုန်းတီးရေး တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းသစ်တွေရှာမယ်လို့ ပြင်သစ်သမ္မတပြော

ပြင်သစ်နိုင်ငံမှာ ဂျူးမုန်းတီးရေး တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းသစ်တွေ ရှာဖွေရမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်းက ပြောလိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ဂျူးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာနေတာဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း မကြုံစဖူး အတိုင်းအတာအထိ ရောက်လာနေတယ်လို့ သမ္မတ မက်ခရွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ပြင်သစ်မှာ ဂျူးမုန်းတီးရေးအခြေခံ ရာဇဝတ်မှု ပေါ်ပေါက်ကြောင်း တိုင်တန်းသတင်းပို့မှုတွေဟာ ၇၄ ရာခိုင်နှုန်း အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နိုင်ငံအရှေ့ပိုင်းက ဂျုးသချိုင်းတခုထဲက အုတ်ဂူ ၉၀ ကျော်ရဲ့ ကျောက်ပြားချပ်တွေပေါ်မှာ ဆေးနဲ့ စကြာတံဆိပ်တွေ မှုတ်ခံခဲ့ရပါတယ်။

ဂျုးမုန်းတီးရေး တိုက်ခိုက်မှု၊ ဂျုးဆန့်ကျင်ရေး လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြမှုကိုလည်း လူထောင်ပေါင်းများစွာက ပဲရစ်မြို့က လမ်းတွေပေါ်မှာ တနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဂျူးမုန်းတီးရေး တိုက်ခိုက်မှု အခြေအနေဟာ တဖြည်းဖြည်း အဆိုးဆုံးအဆင့် ရောက်လာသလို ပြင်သစ်မှာရော အနောက် ဒီမိုကရေစီနိုင်ငံတွေမှာပါ ဂျုးဆန့်ကျင်ရေး ပြန်ခေါင်းထောင်လာတယ်လို့ သမ္မတ မက်ခရွန်းက ဝန်ခံပြောပါတယ်။

ဂျုးဆန့်ကျင်ရေးကို ခွင့်မပြုတဲ့ ဥပဒေကိုလည်း ပိုခိုင်မာအောင် လုပ်သွားမယ်လို့ သမ္မတ မက်ခရွန်းက ပြောပါတယ်။