ရခိုင်မှာ ရွာတွေထဲထိ ကျည်ဆန်နဲ့လက်နက်ကြီးတွေကျလို့ အမျိုးသမီးငယ်တစ်ဦး သေဆုံး

နေအိမ်ထဲမှာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ မနီနီစိုး ဓာတ်ပုံ မူပိုင် Narinjara
Image caption နေအိမ်ထဲမှာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ မနီနီစိုး

ရခိုင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၂၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြင်းဖူးကျေးရွာမှာနေထိုင်တဲ့ အသက် ၁၈ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကျည်ဆန် ထိပြီး သေဆုံးသွားခဲ့တယ်လို့ မြင်းဖူးကျေးရွာမှာနေထိုင်သူအချို့က ဘီဘီစီကိုအတည်ပြုပြောကြားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၂၀ရက်နေ့က မြင်းဖူး ကျေးရွာ အ.လ.က စာသင်ကျောင်းတစ်ကျောင်းမှာ စာမေးပွဲ ဖြေဆိုနေတဲ့ အဋ္ဌမတန်းနဲ့ စတုတ္ထတန်း ကျောင်းသား၊ကျောင်းသူ အယောက် ၉၀ ဝန်းကျင် နဲ့ ဆရာ ဆရာမတွေလည်း စာစစ်ခန်းထဲ မှာ တစ်နေကုန်နီးပါးပိတ်မိခဲ့တယ်လို့လည်း ကျေးရွာသားတွေကပြောပါတယ်။

' ' မနက် ၁၀ နာရီကျော်ကျော်လောက်မှာ မြင်းဖူးကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံ ရအပြီးမှာ ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေကျလာတာပဲ။ သေသွားတဲ့သူက မနီနီစိုးပါ။ သေနတ်သံတွေကြားရလို့ သူတို့က အိမ်ပေါ်တက်ပြေးတာ။ အိမ်ထဲကို ကျည်ဆန်ကျပြီးမှန်လို့ သေသွားတာပါ။''လို့ မြင်းဖူးကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၀ရက်နေ့ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ အရှေ့ဘက် နလိပ်ကျေးရွာအနီးမှာလည်း တပ်မတော်နဲ့ အေအေတို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ပေါက်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာသား ၅၀၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်နေ့ကလည်း ရခိုင် ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက်မှာရှိတဲ့ သမီးလှ ကျေးရွာက အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း နေအိမ်ထဲရှိနေစဉ် သေနတ်ကျည်ထိမှန်ခဲ့လို့ သေဆုံးခဲ့ရပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ