ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ ပါဝင်လာ

ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီမှာ တပ်ကိုယ်စားလှယ်တွေပါဝင်လာ ဓာတ်ပုံ မူပိုင် Reuters
Image caption ဖွဲ့စည်းပုံ ပြင်ရေး ပူးပေါင်းကော်မတီမှာ တပ်ကိုယ်စားလှယ်တွေ ပါဝင်လာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် တင်သွင်းလာတဲ့ အဆိုအရ ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဓိက ကန့်ကွက်နေကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရော ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေပါ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တပြိုင်တည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

"ဥပဒေနဲ့မညီလို့ ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်ထဲမှာ အတည်ပြုပြီးဖြစ်တဲ့အတွက် နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့အကျိုးအတွက် ပူးပေါင်း ကော်မတီမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ" လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီမှာ ပါဝင်လာတဲ့အပေါ် ဗိုလ်မှူးချုပ် မောင်မောင်က ဒီကနေ့ လွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားသွားခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ကနဦး ဖွဲ့စည်းစဉ်ကတည်းက တပ်မတော်သား အစုအဖွဲ့တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်ခြင်း မရှိတဲ့အတွက် ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကိုတော့ ပါဝင် ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပါဘူး။

"ဒါကတော့ နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက် ထားတဲ့သဘောထားတချို့မှာ တပ်နဲ့ကျွန်တော်တို့ပါတီက တူညီတာတွေလည်းရှိတဲ့အတွက်တိုက်ဆိုင်သွားတာပါ၊ တပ်နဲ့ ညှိပြီးမှ ပါလာတာမဟုတ်ပါဘူး။ အဓိက နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးကျေးဇူးအတွက်ပဲ ပူးပေါင်းဆောင်ရွက်သွားမှာပါ" လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှာ တပ်မတော်သား အစုအဖွဲ့နဲ့အတူ တပြိုင်ထဲ ပူးပေါင်း ပါဝင်လာတဲ့အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပူးပေါင်းကော်မတီ ဖွဲ့ဖို့ အရေးကြီးအဆိုကို မတ်တပ် ထရပ်ပြီးကန့်ကွက်ခဲ့ကြ

ကန့်ကွက်မှုတွေရှိနေတဲ့ကြားက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ သက်တမ်း ထက်ဝက်ကျော်ကြာ ပြီးတဲ့ နောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးပူးပေါင်းကော်မတီဖွဲ့ဖို့အရေးကြီးအဆိုကို ဒီချုပ် အမတ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကတဆင့် တင်သွင်းလာခဲ့ပါတယ်။

ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကိုမဆွေးနွေးခင်မှာပဲ တပ်ကိုယ်စားလှယ်အားလုံးက ဥပဒေနဲ့မညီဘူးဆိုပြီး လွှတ်တော်ထဲ မတ်တပ်ထရပ်ပြီးကန့်ကွက်ခဲ့ကြပါသေးတယ်။

ဥပဒေနဲ့မညီလို့ဆိုပြီး တပ်မတော်သားအစုအဖွဲ့နဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေကန့်ကွက် နေတဲ့ကြား က လွှတ်တော် ၂ ရပ်လုံးမှာရှိတဲ့ ကိုယ်စားလှယ်အားလုံးကို အချိုးကျပါဝင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေးကို ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံရေးပါတီ ၁၄ ခုကကိုယ်စားလှယ်တွေ၊ တပ်မတော်သား အစုအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်အားလုံးပါဝင်တဲ့ အချိုးကျစနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့ ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်း ကော်မတီ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်အများစုပါဝင်ပြီး တပ်မတော်သား အစု အဖွဲ့က ကိုယ်စား လှယ် ၈ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက ၂ဦး ပါဝင်ပါတယ်။

ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပြီး ပူးပေါင်းကော်မတီရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်အပြီးမှာတော့ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာတော့ တပ်ကိုယ်စားလှယ် ၈ဦးနဲ့အတူ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၂ဦးတို့ကို လွှတ်တော်ကိုအမည်စာရင်းပေး ပို့ပါဝင်လာ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw'FACEBOOK
Image caption ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ပူးပေါင်းကော်မတီအစည်းအဝေးမှာ တပ်နဲ့ ကြံ့ခိုင်ရေးက ကိုယ်စားလှယ်တွေမပါ

ဖွဲ့စည်းပုံပြင်ရေးအပေါ် တိုင်းရင်းသားတွေရဲ့သဘောထား

'' ဖွဲ့စည်းပုံပြင်မယ်ဆိုရင်တော့ ဘယ်လိုလုပ်လုပ် ကျွန်တော်တို့က ပူးပေါင်းပါဝင်မှာပဲ။ပြောရရင်တော့ စ လယ် ဆုံး အဖုံးပါပြင်ချင်တယ်။ ဒီဖွဲ့စည်းပုံက ဒီမိုကရေစီလုံးဝမကျဘူး'' လို့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် ပါတီက စိုင်းကျော်ညွန့်က ဘီဘီစီကိုပြောပါတယ်။

လွှတ်တော်အတွင်းက တဆင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အတွက် ရှမ်း၊ရခိုင်အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးက အမြန်ဆုံးပြင်ဆင်နိုင်ဖို့ ဆန္ဒရှိနေပေမယ့်လည်း ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်ရဲ့သဘောထားကလည်း အဓိကနေရာမှာရှိနေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်အများစု ဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်း ကော်မတီမှာ ပါဝင်လာပေမယ့်လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်မှာတင်သွင်းထားတာလည်းရှိနေပါတယ်။

ကြံ့ခိုင်ရေးပါတီနည်းတူ တပ်မတော်သားအစုအဖွဲ့ရဲ့သဘောထားကို ဗိုလ်မှူးချုပ်မောင်မောင်အနေနဲ့ သတင်း မီဒီယာတွေကို ဒီကနေ့ ဖြေဆိုခဲ့ရာမှာလည်း တပ်မတော်အနေနဲ့ ပူးပေါင်းကော်မတီက ဆွေးနွေး လာတဲ့အချက်တွေထဲမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတွေကိုထိခိုက်နစ်နာစေမယ့် အချက်တွေပါလာ ရင်ကန့်ကွက်မှာဖြစ်ကြောင်းနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်းသွားဖို့ ရှိတယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။

'' အမှန်အတိုင်းပြောရရင် တိုင်းရင်းသားတွေက အဖြည့်ခံသက်သက်ပဲ၊ တိုင်းရင်းသားအားလုံးပေါင်းမှ ၉ ရာခိုင်နှုန်းပဲရှိတာ၊ အဓိက အရေးကြီးတဲ့ NLD အလုပ်လုပ်ဖို့လိုတယ်၊ ပြီးတော့ ၂၅ ရာခိုင်နှုန်း ကိုင်ထားတဲ့ တပ်မတော်ဘက်က အလုပ်လုပ်ဖို့လိုတယ်။ဘယ်လောက်အထိပြင်နိုင်မလဲဆိုတာက စောင့်ကြည့်ရမှာပဲ'' လို့ စိုင်းကျော်ညွန့်ကပြောပါတယ်။