လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံ တောင်းဆို စတဲ့ ဖေဖော်ဝါရီ ၂၂ ရက် မနက်ခင်း သိသင့်တဲ့သတင်းတွေ

Image caption လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံတောင်းဆို

(၁) လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံတောင်းဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၃ ခု ဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အပါအဝင် နောက်ထပ် အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံကပါ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံတွေနဲ့ အတူ၊ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ ပိုလန်၊ ကူဝိတ်၊ ပီရူးနဲ့ ဒိုမီနီကန် သမ္မတနိုင်ငံတို့ကပါ တောင်းဆိုခဲ့တာပါ။

ရှေ့လာမယ့် သီတင်းပတ်ထဲ မြန်မာ့အရေး ဆွေးနွေးဖို့ ဆော်ဩ နေကြတာ ဖြစ်ပြီး၊ တရုတ်နိုင်ငံကတော့ ဒီအစည်းအဝေး မဖြစ်မြောက်အောင် ဟန့်တားနိုင်ဖွယ် ရှိတယ်လို့ ကုလသံတမန်တွေကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ခရစ်တင်း ရှရနာ ဘူဂနာဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံထဲ ၁၂ ရက်ကြာ သွားခဲ့တဲ့ အတွေ့အကြုံတွေကို လုံခြုံရေး ကောင်စီတွင်း ကြားချင်တဲ့ အတွက် အခုလို တောင်းဆိုကြတာလို့ ဆိုပါတယ်။

ကုလလုံခြုံရေးကောင်စီမှာ အစည်းအဝေးတစ်ရပ် ကျင်းပနိုင်ဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၉ နိုင်ငံက တောင်းဆိုရင် လက်ခံကျင်းပရသလို၊ ဗီတိုအာဏာ အသုံးပြုပြီး ပယ်ချလို့မရဘူးလို့လည်း AFP သတင်းဌာနမှာ ပါရှိပါတယ်။

၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်ပြီး လက်ခံသွားမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီရိုဂူတာရက်ကတော့ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေး လုပ်ဆောင်ချက်တွေက အရမ်းနှေးကွေးလွန်းတယ်လို့ ပြစ်တင်ပြောဆို ထားပါတယ်။

(၂) စီးပွားရေး တိုးတက်လာဖို့ ရည်ရွယ်တဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ

ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး တိုးတက်လာဖို့ ရည်ရွယ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို သံတွဲမြို့နယ် ငပလီကမ်းခြေမှာ ဒီကနေ့ ( ဖေဖော်ဝါရီ ၂၂ ရက်) မှာ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ အလုပ်အကိုင် အခွင့်အလမ်းများစွာ လိုအပ်နေတဲ့ ပြည်နယ် ဖြစ်ပြီး ပြည်နယ်အတွင်းမှာ စက်ရုံတွေ လာရောက်ရင်းနှီးလာကြဖို့ မျှော်လင့်တယ်လို့လည်း မောင်တောနယ်စပ် ကုန်သွယ်ရေးဇုန် ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားဇုန်နဲ့ မောင်တော ကညင်ချောင်း စီးပွားဇုန်တို့ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့် တပ်မတော် (AA) နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေရပါတယ်။

တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာသာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်းမှာတော့ စီးပွားရေးအရ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ရရှိနေပြီဖြစ်လို့ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်တာ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပြပွဲကို ရခိုင်ပြည်နယ် အစိုးရနဲ့ JICA ( ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) တို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပြီး ငပလီ ကမ်းခြေမှာ ဖေဖော်ဝါရီ ၂၂ ရက် ကနေ ဖေဖော်ဝါရီ ၂၃ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗင်နီဇွဲလား နယ်စပ်မှာ ဖြစ်နေတဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတခု

(၃) ပြည်ပက လှူဒါန်းတဲ့ရိက္ခာဆေးဝါးနဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေ ပိတ်ပစ်မယ်လို့ ဗင်နီဇွဲလား သမ္မတပြော

ဗင်နီဇွဲလား အတိုက်အခံတွေက စီစဉ်နေတဲ့ ပြည်ပက လှူဒါန်းတဲ့ ရိက္ခာဆေးဝါးနဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေကို တင်သွင်းဖို့ ဘရာဇီးနဲ့ နယ်စပ်ကို ပိတ်ပစ်မယ်လို့ သမ္မတ နစ်ကိုးလပ်စ် မဒူရိုက ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေး အကူအညီတွေ စုဆောင်းရောက်ရှိနေတဲ့ ကိုလံဘီယာကိုလည်း ပိတ်ပစ်ဖို့ စဉ်းစားနေပြီလို့လည်း သမ္မတ နစ်ကိုးလပ်စ်က ပြောပါတယ်။

အခုလို အတိုက်အခံတွေက ကယ်ဆယ်ရေး အကူအညီယူဖို့ ဆောင်ရွက်နေတာက ဗင်နီဇွဲလားမှာ အမေရိကန်တွေ ကျုးလွန်ဝင်ရောက်ဖို့ လမ်းစ ဖြစ်စေတယ်လို့လည်း သူက ဆိုပါတယ်။

ဗင်နီဇွဲလားမှာ လက်ရှိသမ္မတ နစ်ကိုးလပ်စ် မဒူရိုက ရွေးကောက်ပွဲ ထပ်ကျင်းပဖို့ တောင်းဆိုမှုတွေကို ပယ်ချခဲ့တဲ့နောက်မှာ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကို ယာယီသမ္မတအဖြစ် အမေရိကန်နဲ့ ဥရောပ နိုင်ငံတော်တော်များများက အသိအမှတ်ပြုခဲ့ကြတာပါ။

အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကလည်း စင်ပြိုင် အစိုးရသဘောနဲ့ တိုင်းပြည်ကို ဦးဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလားမှာတော့ လက်ရှိသမ္မတ နစ်ကိုးလပ်စ် မဒူရိုကို ထောက်ခံကြသူတွေလည်း ရှိသလို တချို့နေရာတွေမှာတော့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကို ထောက်ခံကြသူတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ