ချင်းပြည်နယ် ပလက်ဝက ရဲစခန်းတစ်ခုမှာ AA က လက်နက်တောင်းခံ

ပလက်ဝ အပါအဝင် ချင်းပြည်နယ်က နေရာ တချို့မှာ AA အဖွဲ့ လှုပ်ရှား ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption ပလက်ဝ အပါအဝင် ချင်းပြည်နယ်က နေရာ တချို့မှာ AA အဖွဲ့ လှုပ်ရှား

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်မတော် (အေအေ) အင်အား ၁၀၀ နီးပါးဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ သံတောင်ရွာကို ဝင်ရောက်ခဲ့ကာ ရဲစခန်းက စခန်းမှူး ကို ခေါ်ယူ လက်နက်တောင်းခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အေအေတပ်ဖွဲ့တွေဟာ မနက်စောပိုင်း ၃ နာရီ လောက်မှာ ရွာထဲဝင်ရောက်လာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို ခေါ်ယူခဲ့ပြီးနောက် စခန်းမှူးကို ဆင့်ခေါ်ခိုင်းခဲ့တယ်လို့ သံတောင်ရွာသား တစ်ဦးက ပြောပါတယ်။

" သူတို့တွေက AA ယူနီဖောင်းတွေနဲ့ ရခိုင်စကားပဲ ပြောတယ်၊ အုပ်ချုပ်ရေးမှူးကို ခေါ်တယ်၊ စခန်းမှူးကို သွားခေါ် ခိုင်းတယ်၊ သူတို့က လက်နက်တောင်းတာ၊ စခန်းမှူးက မလာတော့ ရွာကိုမီးရှို့မယ်၊ စခန်းကို ပြာကျအောင် လုပ်မယ်လို့ ခြိမ်းခြောက်တယ်" ဆိုပြီး အဲဒီရွာသားက ပြောပါတယ်။

စခန်းမှူး ရောက်လာချိန်မှာလည်း လက်နက် မထုတ်ပေးလို့ ရိုက်နှက်ကန်ကျောက်ပြီး မနက် ၄ နာရီခွဲ လောက်မှာတော့ ရဲစခန်းကို အဝေးကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အေအေတပ်ဖွဲ့တွေဟာ မနက် ၅ နာရီ လောက်မှာတော့ စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကို ဖမ်းဆီးခေါ်သွားပြီး ရွာအနီးမှာရှိတဲ့ လေးမြို့ချောင်းကို ကူးဖြတ်ကာ တဖက်ကမ်းကို ကူးသွားကြတယ်လို့ အဲဒီရွာသားက ပြောပါတယ်။ ရဲစခန်းကနေ လက်နက်တွေ ရယူသွားလား မသွားလား ဆိုတာကိုလည်း မသိရဘူးလို့ အဲရွာသားက ပြောပါတယါ။

သံတောင်ရွာဟာ ပလက်ဝမြို့နဲ့ အတော်ဝေးပြီး ဆက်သွယ်ထားတဲ့ လမ်းလည်းမရှိလို့ မြို့ကိုသွားရင်လည်း မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့တွေကို ဖြတ်ပြီးမှ ပလက်ဝမြို့ကို သွားနိုင်တယ်လို့ ရွာခံတွေက ပြောပါတယ်။

ရွာသားတွေက ဒီဖြစ်စဉ်အပေါ် ထိတ်လန့်ကြောက်ရွံ့နေကြပြီး ဘယ်ကို သွားတိုင်ကြားရမယ် ဆိုတာကို မသိကြလို့ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ သတင်းပို့ထားကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption AA ရက္ခိုင့်တပ်မတော် လက်နက်ကိုင်အဖွဲ့

ဒီဖြစ်ရပ်အပေါ် ရက္ခိုင့်တပ်မတော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုကိစ္စကို အတိမကျ မသိသေးပေမယ့် ဖြစ်နိုင်ခြေတော့ ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရဲစခန်းကို တိုက်ခိုက်တာမျိုးတော့ မထင်ကြောင်းနဲ့ ရဲတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ သူက ပြောပါတယ်။

ဒါပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုတော့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/ AA) က ချမှတ်ထားတဲ့ အမျိုးသားလုပ်ငန်းစဉ်တွေကို အနှောက်အယှက် မပေးဖို့ သတိပေးချက် ထုတ်ထားသလို အနှောက်အယှက် ပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ကို နယ်မြေခံတပ်ရင်းမှူးတွေက ဆုံးမအရေးယူတာမျိုး ရှိတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ