ဖွဲ့စည်းပုံပြင်ရေး၊အပစ်ရပ်ရေး တပ်ကသတင်းစာရှင်းလင်းပွဲလုပ်မယ်၊မြန်မာပိုင်နက်မှာ တရုတ်ကဒစ်ဂျစ်တယ်စီးပွားရေးဇုန်တစ်ခုလုပ်မယ်ဆိုတဲ့အပေါ် မြန်မာ အစိုးရဘက်ကသဘောတူထားတာမရှိအပါအဝင် မနက်ခင်းသတင်းများ

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့က လွှတ်တော်ကတဆင့် ဖွဲ့စည်းပုံပြင်ရေးလုပ်ဆောင်လာချိန်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, PHYO HEIN KYAW/AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ,

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့က လွှတ်တော်ကတဆင့် ဖွဲ့စည်းပုံပြင်ရေးလုပ်ဆောင်လာချိန်ဖြစ်

ဖွဲ့စည်းပုံပြင်ရေး၊ အပစ်ရပ်ရေးတို့နဲ့ပတ်သက်ပြီး တပ်ကသတင်းစာရှင်းလင်းပွဲလုပ်မယ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ တပ်မတော်ဘက်က စစ်တိုင်း ၅တိုင်းမှာ တစ်ဘက်သတ် အပစ်ရပ်ကြေညာခဲ့ပြီးနောက် ၂လကြာအခြေအနေတို့အပေါ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လယ် ၂နာရီ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာပြုလုပ်သွားမယ်လို့ တပ်မတော်ဘက် ကထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရအဖွဲ့ကနေ လွှတ်တော်တွင်းကတဆင့် ဖွဲ့စည်းပုံပြင် ဆင်နိုင်ရေးအဆိုကို တပ်မတော်သားအစုအဖွဲ့တွေက ကန့်ကွက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၁ရက်နေ့မှာတော့ ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီမှာ တပ်ကိုယ်စားလှယ်တွေပါဝင်မယ်လို့ သဘောတူထားခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာပိုင်နက် မိုင်းလားမှာ တရုတ်က ဒစ်ဂျစ်တယ်စီးပွားရေးဇုန်တစ်ခုလုပ်မယ်ဆိုတဲ့အပေါ် မြန်မာ အစိုးရဘက်က သဘောတူထားတာမရှိဘူးလို့ဆို

ရှမ်းပြည်နယ် မိုင်းလားဒေသမှာ ဟုန်ပန်း ဒစ်ဂျစ်တယ် စီးပွားရေးဇုန်တစ်ခုကို တရုတ်ရင်းနှီးမြုပ်နှံသူတွေက တည်ဆောက်သွားမယ့်အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတကာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Channel news asia မှာဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအပါအဝင် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းအသီးသီးကို ဆက်သွယ်မေးမြန်းရာမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေက ဒီမြုပ်နှံမှုကို သဘောတူထားတာမရှိဘူးလို့ မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

သမ္မတက အစိုးရအဖွဲ့ကို ဖယ်ရှားကာ အရေးပေါ် အခြေအနေကြေညာ

ဆူဒန်မှာ သမ္မတက အစိုးရအဖွဲ့ကိုဖယ်ရှားပြီး အရေးပေါ်အခြေအနေကြေညာ

ဆူဒန်မှာ သမ္မတ အိုလ်မာ အယ်ဘတ်ရှားကို လနဲ့ချီဆန္ဒပြတာတွေဖြစ်ပြီးနောက် သမ္မတ မစ္စတာ ဘတ်ရှားက အစိုးရအဖွဲ့ကို ဖယ်ရှားကာ အရေးပေါ် အခြေအနေကြေညာလိုက်ပါတယ်။

မစ္စတာဘတ်ရှားဟာ သူ့ကို နောက် သမ္မတသက်တမ်းတစ်ခု ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပေး နိုင်အောင် ဖွဲ့စည်းပုံပြင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပါလို့ လည်း ညွှန်ကြားလိုက်ပါတယ်။

အစိုးရ ဆန့်ကျင် ဆန္ဒပြရေးဦးဆောင်သူတွေကတော့ သမ္မတမိန့်ခွန်းကိုပယ်ချလိုက်ပြီး ဆန္ဒပြမှုတွေကို အရှိန်မြှင့်သွားဖို့ ဆော်သြထားပါတယ်။

ဆူဒန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက စခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် လူတွေဆယ်ဂဏန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။