မြန်မာပိုင်နက် မိုင်းလားမှာ တရုတ်က ဒစ်ဂျစ်တယ်စီးပွားရေးဇုန် လုပ်မယ်ဆိုတဲ့အပေါ် မြန်မာအစိုးရ သဘောတူထားတာမရှိ

နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်းပင် ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်းပင်

မြန်မာနိုင်ငံပိုင်နက် ရှမ်းပြည်နယ် မိုင်းလားဒေသမှာ ဒစ်ဂျစ်တယ် စီးပွားရေးဇုန်တစ်ခုကို တရုတ်ရင်းနှီးမြုပ်နှံသူတွေက တည်ဆောက်သွားမယ့်ဆိုတဲ့အပေါ် မြန်မာအစိုးရဘက်က သိရှိထားခြင်းမရှိသလို သဘောတူထားတာမျိုးလည်းမရှိဘူးလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတကာ သတင်း မီဒီယာတစ်ခုမှာ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ရှန်ဟိုင်းရှယ်လ်ပေး ကုမ္ပဏီက ရှမ်းပြည်နယ် မိုင်းလားဒေသမှာ ဟုန်ပန်း ဒစ်ဂျစ်တယ် စီးပွားရေးဇုန်တစ်ခုကို တရုတ်ရင်းနှီးမြုပ်နှံ သူတွေလုပ်ကိုင်သွားဖို့ ထူထောင်နေတယ်လို့ ဖော်ပြ သွားခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းထဲမှာ ဒီစီးပွားရေးဇုန်ကို ကိုယ်ပိုင်နိုင်ငံငယ်လေးတစ်ခုသဖွယ်လုပ်ဆောင်မှာဖြစ်ပြီး အုပ်ချုပ်ရေး တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတို့ကို အဲဒီဒေသမှာသီးခြားလုပ်ဆောင်မှာဖြစ်ပြီး နိုင်ငံသားလျှောက်ထား သူတွေကိုလည်း အီလက်ထရောနစ် နိုင်ငံသားကတ်ပေးမှာဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

' ' ရှမ်းပြည်နယ် အစိုးရကလည်း မိုင်းလားကိုမေးတယ်။ ဒီဟာမျိုးလုပ်ထားတာရှိသလား ဟုတ်လားဆိုတာ။ မဟုတ်ဘူးလို့ မိုင်းလားဘက်က လည်းပြန်ဖြေတယ်။ ငြိမ်းချမ်းရေးကော်မရှင်ကလည်း မိုင်းလား လူကြီးတွေ ကိုလှမ်းမေးတော့လည်း သူတို့လုံးဝမသိဘူးပေါ့ပြောတယ်။ သူတို့ထုတ်ထားတာမရှိဘူးလို့လည်းပြောတယ်။ အစိုးရကနေပြီး ဒါကို တရုတ်သံအမတ်ကြီးကိုလည်း ဒါမျိုးတွေထိန်းသိမ်းပေးဖို့ ပြောထားပြီးသား ဖြစ် တယ် ''လို့ ဦးဇော်ဌေးက ဘီဘီစီကိုပြောပါတယ်။

တရုတ်က အထူးစီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်မယ်လို့ ပြောခဲ့တဲ့မိုင်းလားဒေသဟာ ခရီးသွား လုပ်ငန်း အရောင်းအဝယ်လုပ်ငန်းတွေနဲ့ စီးပွားရေးကောင်းတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။

မိုင်းလားဒေသဟာ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ MDAA က ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာရှိပါတယ်။ မိုင်းလား အဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) မှာလက်မှတ်ရေးထိုးထားခြင်းမရှိပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုတော့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ