ရခိုင်တိုက်ပွဲကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးသူများလာ သတင်းအပါအဝင် ဖေဖော်ဝါရီ မနက်ခင်း သတင်းများ

ရခိုင်ပြည်နယ် က စစ်ဘေးရှောင် မိသားစု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ် က စစ်ဘေးရှောင် မိသားစု

(၁) ရခိုင် တိုက်ပွဲတွေကြောင့် သေဆုံးသူနဲ့ ဖမ်းဆီးခံရသူ ၊ပျောက်ဆုံးသူများလာ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ငကျားချေနဲ့ နလိပ်ရွာကြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သားတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း အရေအတွက် တစ်နေ့တခြားတိုးများလာပါတယ်။

ဒီလ ၂၀ ရက်နေ့က စစ်တပ်ကနေပစ်ခတ်လိုက်တဲ့ ကျည်ဆန်ထိမှန်သွားလို့ သေဆုံးခဲ့ရတဲ့ ရသေ့တောင်မြို့နယ် မင်းဖူးရွာက အသက် ၁၈ နှစ်အရွယ် မရီရီစိုးကို သဂြိုဟ်ရာမှာလည်း ဒေသခံ လူထောင်နဲ့ ချီပြီး အသုဘကို ပို့ဆောင်ခဲ့ပါတယ်။

အခုတိုက်ပွဲတွေ ဖြစ်ပွားနေရတဲ့ ဒေသတွေက ကျေးရွာသားတွေဟာ တောတောင်တွေကို တက်ပြီး ဝါးခုတ် သစ်ခုတ် အသက်မွေးနေကြသူတွေ အများစု ဖြစ်တာကြောင့် နေ့စဉ်ရက်ဆက် အခုလို တိုက်ပွဲဖြစ်နေတဲ့အတွက် စားဝတ်နေရေးအတွက်လည်း အထူးအခက်အခဲဖြစ်နေပါတယ်။

ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသအတွင်း နယ်လှည့်စီးပွားရှာသူတွေ ၊ သစ်ခုတ်ဝါးခုတ် ရောင်းချသူတွေနဲ့ ဒေသခံ ၉ ဦးဟာ အခုရက်ပိုင်းအတွင်း ပျောက်ဆုံးခဲ့ပါတယ်။

ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေက ရဲစခန်းမှာ အမှုဖွင့်တာတွေ လုပ်ခဲ့ပေမယ့် အခုချိန်အထိ သတင်းအစအန မရရှိသလို လိုက်လံရှာဖွေဖို့လည်း နယ်မြေမအေးချမ်းတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ,

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်

(၂) ၂၀၂၀ ရွေးကောက်ပွဲကို အလေးထားဖို့ ဗဟိုကော်မတီအစည်းအဝေးမှာပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က စတင်ပြီး ကျင်းပနေပါတယ်။

ဒီအစည်းအဝေးကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ၊ ဗဟိုကော်မတီဝင်တွေနဲ့ အရန်ဗဟိုကော်မတီဝင် အားလုံးနီးပါး တက်ရောက်ခဲ့ပါတယ်။

ဒီတစ်ကြိမ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးဟာ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အဓိကထား ဆွေးနွေးတာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

အစည်းအဝေးရဲ့ သဘာပတိကလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ တူမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုနေသူ ထောက်ပြနေသူတွေရဲ့ စိတ်ပူပန်မှုကို ကျွန်တော်တို့ လျစ်လျူထားလို့ မရတဲ့အကြောင်း မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်အနိုင်ရဖို့ အတွက်ဆိုရင် သစ္စာတရား စည်းလုံးညီညွတ်ခြင်း အကျင့်သီလနဲ့ သတ္တိတရားကို ဆုပ်ကိုင်ပြီး ဆက်လက်လုပ်ဖို့ အထူးလိုအပ်တယ်လို့လည်း သဘာပတိမိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ,

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေး

NLD ပါတီ အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲလောက် အလွယ်တကူ အနိုင်ရမှာ မဟုတ်ဘူးလို့လဲ နိုင်ငံရေး လေ့လာသူတစ်ချို့က သုံးသပ်ထားတာ တွေရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံး အနေအထားနဲ့ ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရပေမယ့် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရဖို့ ဆိုရင် အစိုးရ အဖွဲ့ဝင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကျန်ရှိတဲ့အချိန်မှာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပိုမို လုပ်ဆောင်ပေးဖို့ လိုအပ်သလို အချင်းချင်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဆော်ဒီအာရေဗျနိုင်ငံဟာ မင်းသမီး ရီမာဘင်ဘန်ဒါရာဆတ်

(၃) ဆော်ဒီအာရေဗျ မင်းသမီးရီမာ အမေရိကန်သံအမတ်ဖြစ်လာ

ဆော်ဒီအာရေဗျနိုင်ငံဟာ မင်းသမီး ရီမာဘင်ဘန်ဒါရာဆတ်ကို အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်အဖြစ် ကြေညာခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရဲ့ အထူးသံတမန် အခန်းကဏ္ဍမှာ အမျိုးသမီးကို ပထမဆုံးခန့်အပ်တာလည်း ဖြစ်ပါတယ်။

မင်းသမီးကို အခုလို ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၂၄ စနေနေ့မနက်မှာ အများသိအောင် ကြေညာခဲ့တာပါ။

မင်းသမီးရီမာဟာ သူမရဲ့ ငယ်စဉ်ကလေးဘဝတုန်းက ဝါရှင်တန်ဒီစီမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်ပတ်သက်တယ်ဆိုတဲ့ ဆော်ဒီသတင်းထောက် ဟာရှော့ဂျီကို သတ်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အပြစ်တင်ပြောဆိုမှုဟာ မင်းသမီး ဖြတ်ကျော်ရမယ့် ခက်ခဲတဲ့ အခန်းကဏ္ဍ တစ်ခုပဲဖြစ်ပါတယ်။

ဆော်ဒီသတင်းသမား ဂျမားဟာရှော့ဂျီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်သွားပြီး အစအန ထပ်မရတော့ပဲ အသတ်ခံခဲ့ရပါတယ်။

ဒီသတ်ဖြတ်မှုဟာ ဆော်ဒီအိမ်ရှေ့စံရဲ့ ညွန်ကြားချက်ဖြစ်တယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ ပြောဆိုမှုအပေါ် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်က ငြင်းပယ်ထားပါတယ်။

ဗီဒီယို ပုံစာ,

ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ