ဗီယက်နမ်ကို ရထားစီးပြီးသွားတဲ့ ကင်ဂျုံအွန်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အရင်တုန်းက မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ဆီ ကင်ဂျုံအွန်း ရထားနဲ့ သွားခဲ့ဖူး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဟနွိုင်းမြို့မှာ အမေရိကန်သမ္မတ ထရမ့်နဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဗီယက်နမ် နိုင်ငံကို ရထားစီးပြီး ခရီးထွက်ခွာခဲ့ပါတယ်။

ဒီလမ်းဟာ လူအများ သွားရိုးသွားစဉ် ခရီးလမ်း မဟုတ်တဲ့ လမ်းကြောင်းဖြစ်ပြီး မိုင်ပေါင်း ၁၈၆၀ လောက်ရှည်တဲ့ ခရီးကို အနည်းဆုံး ၂ ရက်ကြာ ခရီးနှင်ရမှာဖြစ်ပါတယ်။

ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတထရမ့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဟနွိုင်းမြို့မှာ ကျင်းပ ဖို့စီစဉ်ထားပါတယ်။ ဟနွိုင်းမြို့က အစည်းအဝေးမှာ မြောက်ကိုရီးယား ရဲ့နျူကလီးယားဖျက်သိမ်း ရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဘာတိုးတက်မှု ရှိနေလဲဆိုတာ လူတွေ အထူးစိတ်ဝင်စားနေကြပါ တယ်။

ပြီးခဲ့တဲ့နှစ်က စင်္ကာပူနိုင်ငံမှာ ကင်ဂျုံအွန်းနဲ့ သမ္မတထရမ့်နှစ်ယောက် တွေ့ဆုံခဲ့တုန်းက မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ် ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှု လုပ်ဆောင်တာ မရှိခဲ့ဘူးလို့ အမေရိကန်စစ်တပ်နဲ့ သံတမန် အသိုင်းအဝိုင်းက ဆိုပါ တယ်။

ကင်ဂျုံအွန်းရဲ့ ခရီးစဉ်တွေကို များသောအားဖြင့် လျှို့ဝှက်ထားလေ့ ရှိပါတယ်။ စင်္ကာပူမှာ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ နှစ်ဦး နောက်ဆုံး တွေ့ခဲ့တုန်းကလည်း အလားတူပဲ ဖုံးကွယ် လျှို့ဝှက်မှုတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။

Image caption ကင်ဂျုံအွန်းရဲ့ ခန့်မှန်းချက် ရထားခရီးစဉ်

အဲဒီတုန်းကတော့ ကင်ဂျုံအွန်း လေယာဉ်နဲ့ လာမယ် ဆိုတာ သေချာပေမယ့် ဘယ်လေယာဉ်နဲ့ လာမလဲ ဆိုတာ နောက်ဆုံး မိနစ်အထိ ဘယ်သူမှ အသေအချာ မသိခဲ့ကြပါဘူး။

ကင်ဂျုံအွန်း ဟာ အစိမ်းနဲ့ အဝါရောင် ကိုယ်ပိုင်ရထားကြီးနဲ့ ပြုံယမ်းမြို့ကနေ နယ်စပ် ဒွန်ဒန်းမြို့ကို ဖြတ်ပြီး တရုတ် နိုင်ငံထဲ ဝင်မယ်၊ အဲဒီကနေ ဗီယက်နမ် နိုင်ငံကို ဆက်သွားမယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား မီဒီယာသတင်းတွေထဲမှာ စ ဖေါ်ပြခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ကင်ဂျုံအွန်းဟာ ဗီယက်နမ်နိုင်ငံနယ်စပ် ဒွန်ဒန်းမြို့ရောက်ရင် ရထားပေါ်က ဆင်းပြီး ၁၀၅ မိုင် လောက် ဝေးတဲ့ ဟနွိုင်းမြို့ဆီ ကားနဲ့ ခရီးဆက်မယ်လို့ ရိုက်တာ သတင်းဌာနက သတင်းရပ်ကွက်တွေကို ကိုးကား ဖော်ပြခဲ့ ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိန်းသိမ်းထားတဲ့ အမေရိကန်တွေကို မြောက်ကိုရီးယား ပြန်လွှတ်

ဒီသတင်းနဲ့ပတ်သက်သမျှ