၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ ခပ်စိတ်စိတ် လုပ်လာနေတဲ့ တောင်းဆိုလှုပ်ရှားမှုများ

မန္တလေးက ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှု ဓာတ်ပုံ မူပိုင် Getty/THET AUNG
Image caption မန္တလေးက ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှု

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံပွဲတွေဟာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကလေးစတဲ့ မြို့တွေမှာ အခုသီတင်းပတ် အစောပိုင်းကစပြီး လှုပ်ရှားလာနေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာလည်း ရန်ကုန်နဲ့ စစ်ကိုင်းမှာ လူရာနဲ့ချီပြီးတော့ လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြင်ရေး ကြိုဆို ထောက်ခံပွဲတွေ လုပ်ခဲ့ပါတယ်။

NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကတော့ 'ခြေဥပြင်ဆင်ရေးကို ကျွန်တော်တို့ကြိုးစားကြရမှာပါ၊ အခု တရားဝင်ကော်မတီတစ်ရပ်ဖွဲ့ပြီး လုပ်နေပါတယ်၊ တနိုင်ငံလုံးအနေနဲ့ ပူးပေါင်းပါဝင်လာဖို့ကိုလည်း မျှော်လင့်ပါတယ်' လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပါတီဗဟိုကော်မတီအစည်းအဝေး သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်အနေနဲ့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ ကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိတဲ့ ပြဌာန်းချက် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုရင် သဘောတူနိုင်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက 'တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ် ခန့်အပ်တာနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်တွေက ရွေးကောက်နိုင်ရင် ကောင်းတယ်လို့ ပြောထားပါတယ်၊ ဒါကြောင့်မို့လို့ သဘောတူဖို့ ရှိပါတယ်' လို့ သတင်းစားရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကျော်ဟိုးကတော့ 'တပ်မတော်က ထောက်ခံတဲ့ ပုဒ်မ ၂၆၁ ပြင်ရေးဟာ တိုင်းရင်းသား နယ်မြေတွေမှာ ရှိသင့်တဲ့ ဖက်ဒရယ်မူနဲ့ ကိုက်ညီလို့ ပါတီအနေနဲ့ ဦးစားပေး ပြင်ဖို့ အချက်တွေထဲ ပါတယ်' ဆိုပြီး ဘီဘီစီကိုပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် အာဏာရ NLD ပါတီ ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကော်မတီ အရင်ဖွဲ့တာ လုပ်ထုံးကို ဆန့်ကျင်နေတယ် ဆိုပြီး တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်

တပ်မတော်ကတော့ လွှတ်တော်အတွင်း ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီကို အစောပိုင်းက ကန့်ကွက်ခဲ့ပေမယ့် ဒီနောက်တော့ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီမှာ တပ်ကိုယ်စားလှယ်တွေ ပါဝင်လာခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီမှာ လွှတ်တော် ဒုတိယနာယကလည်းဖြစ် NLD ပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ဥက္ကဌအဖြစ် တာဝန်ယူထားပြီး NLD ပါတီကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ် ၂ ဦး စတဲ့ နိုင်ငံရေး ပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ပါ၀င်ပါတယ်။

NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ '၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးမှာ ပါတီအနေနဲ့ ပြင်လိုတဲ့ ပုဒ်မ အားလုံး ၁၆၈ ခု ရှိပါတယ်၊ ဘယ်ဟာ အရင်ပြင်မလဲဆိုတာ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး' လို့ ဗဟိုကော်မတီအစည်းအဝေး သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption NLD ပါတီ ဗဟိုကော်မတီအစည်းအဝေး

NLD ပါတီအဖို့တော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့၂၀၁၄ တုန်းက လုပ်ခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက ပါတီဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြို့တွေမှာ လှည့်လည်ပြီး ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ရေး ဟောပြောတာတွေ လုပ်ခဲ့ပါတယ်။

ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံရမှာဖြစ်ပြီး အဲ့ဒီနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတွေရဲ့ ထက်၀က်ကျော်က ဆန္ဒမဲပေးမှ ပြင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ပါ။

ဒီပုဒ်မပြင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို NLD က ဦးဆောင်ပြီး နိုင်ငံတဝန်းလုပ်ခဲ့ပြီး ပြင်ဖို့ထောက်ခံတဲ့ လက်မှတ် ၅ သန်း နီးပါးလောက်ကိုလည်း အဲ့ဒီတုန်းက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ဦးကျော်ဟိုးကတော့ ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံဥပဒေမှာ အဓိက ဦးစားပေး ပြင်ရမယ့် အချက်တွေထဲ ပါတယ်လို့ ပြောပါတယ်။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မတွေကို ပြင်တဲ့အခါမှာ ဥပဒေကြမ်းတင်ပြီး မဲခွဲဆုံးဖြတ်ရမယ့် နည်းလမ်းနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပြီး ဆုံးဖြတ်ရမယ့် နည်းလမ်း ၂ မျိုး ရှိပါတယ်။

ဓာတ်ပုံ မူပိုင် PYIDAUNGSU HLUTTAW'FACEBOOK
Image caption ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး

ဦးကျော်ဟိုးကတော့ 'ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပြီးမှ ပြင်ရမယ့်ပုဒ်မတွေကို ဦးစားပေးပြင်သွားပါ့မယ်၊ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီးမှ ပြင်ရမယ့် ပုဒ်မတွေကိုတော့ ဒုတိယ ဦးစားပေးအနေနဲ့ ပြင်ပါ့မယ်' လို့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘယ်ပုဒ်မတွေကို ပြင်မလဲ ဆိုတာကတော့ တိတိပပ ထုတ်မပြောသေးပါဘူး။ ပူးပေါင်းကော်မတီကြား ဆွေးနွေးနေဆဲဖြစ်ပြီး ပြင်ဖို့ အများက လက်ခံတဲ့ ပုဒ်မတွေကို ဦးစားပေး ပြင်မယ်လို့ပဲ ပြောထားပါတယ်။

တပ်မတော်ကတော့ ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံပေမယ့် နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်တွေကို ကန့်ကွက်သွားမယ်လို့ ဆိုထားပါတယ်။

ပုဒ်မ ၅၉ (စ) နဲ့ ၄၃၆ (က) တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအနှစ်သာရကို ထိခိုက်စေတယ်လို့ တပ်မတော်ဖက်က ယူဆပါသလားလို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီက မေးမြန်းတာကတော့ တပ်က တိတိကျကျ ပြန်မဖြေခဲ့ပါဘူး။

Image caption ဖွဲ့စည်းပုံပြင်ရေး၊ အပစ်ရပ်ရေးတို့နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ရေး ထောက်ခံပွဲကို ဦးဆောင်ခဲ့တဲ့ ကိုနောင်နောင်က 'နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ တန်းတူညီမျှရေးရဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေက ပြင်ဖို့လိုပါတယ်၊ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ပြီးတော့ ဖွဲ့စည်းပုံပြင်ရေး လုပ်ကိုင်ဆောင်ရွက်ပေးလိုတဲ့ လွှတ်တော်တွင်းက စိတ်ဓာတ် ကြိုဆိုပါတယ်'လို့ ပြောပါတယ်။

အများကတော့ NLDရဲ့ ဖွဲ့စည်းပုံ ပြင်ရေးမှာ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စတဲ့ အချက်တွေ တပါးတည်း ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

လက်ရှိ NLDအစိုးရ အဖို့တော့ ဖွဲ့စည်းပုံ ပြင်ရေးမှာ တပ်မတော်နဲ့ အကျေအလည် ညှိနှိုင်းရဦးမယ့် အချက်တွေ အများကြီး ကျန်နေသေးသလို ဒီမိုကရေစီနည်းလမ်းမကျတဲ့ ပုဒ်မတွေ အားလုံး ပြင်နိုင်ဖို့ ဆိုတာကတော့ ဆက်လက် ညှိနှိုင်းရဦးမယ့် ခရီးရှည် တိုက်ပွဲတစ်ခုလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။