မြန်မာ့ ဆန်တန်ချိန် ၄ သိန်း တရုတ်ကို တင်ပို့ဖို့ ဆွေးနွေး

ဆန်တန်ချိန် ၄ သိန်းအထိ တရားဝင်တင်ပို့နိုင်ဖို့ မြန်မာနဲ့ တရုတ် အစိုးရ တာဝန်ရှိသူတို့ ညှိနှိုင်းဆွေးနွေး။ ဓာတ်ပုံ မူပိုင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် Facebook
Image caption ဆန်တန်ချိန် ၄ သိန်းအထိ တရားဝင်တင်ပို့နိုင်ဖို့ မြန်မာနဲ့ တရုတ် အစိုးရ တာဝန်ရှိသူတို့ ညှိနှိုင်းဆွေးနွေး။

၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံကို ဆန်တန်ချိန် ၄ သိန်းအထိ တရားဝင်တင်ပို့နိုင်ဖို့ မြန်မာနဲ့ တရုတ် အစိုးရ တာဝန်ရှိသူတို့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပ တဲ့ ဒုတိယအကြိမ်မြောက် တရုတ်မြန်မာ စီးပွားရေး စင်္ကြန် ဖိုရမ်ကို စီမံကိန်းဘဏ္ဍာ ရေး ဝန်ကြီးဌာန ဝန်ကြီးဦးစိုးဝင်း၊ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေ တက် ရောက်ပြီး တရုတ် အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ခဲ့တာ ဖြစ်ပါ တယ်။

ဒီလိုညှိနှိုင်းခဲ့ရာမှာ ကမ္ဘောဒီယားကို ဆန်တန်ချိန် ၄ သိန်း တင်ပို့ဖို့ ခွင့်ပြုခဲ့တဲ့အတွက် နိုင်ငံခြင်း ပိုမို ထိတွေ့မှုများတဲ့ မြန်မာကို ဆန်တန်ချိန် ၄ သိန်း တင်သွင်းခွင့်ပြုဖို့ မြန်မာဘက်က တရုတ် တာဝန်ရှိသူ တွေကို တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ညှိနှိုင်း ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။

ဒါ့ကြောင့် မတ်လထဲမှာ ပထမအဆင့်အနေနဲ့ နားလည်မှု စာချွန်လွှာ (MoU)ရေးထိုးဖို့ စီစဉ် နေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဟာ အရင်က တရုတ်နိုင်ငံကို ဆန်တန်ချိန် ၁ သိန်း တင်ပို့ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာကနေ နိုင်ငံတကာကို ဆန်တန်ချိန် ၃.၆ သန်း တင်ပို့ နိုင်ခဲ့ ပေမယ့် ဒီနှစ် မတ်လကုန်အထိ ၂.၃ သန်း အထိပဲ တင်ပို့နိုင် တာကြောင့် ဆန်တင်ပို့မှု လျော့ကျခဲ့သလို ပြည်တွင်းမှာ ဆန်တန်ချိန် ၁ သန်းနီးပါး ပိုနေတယ်လို့ ဆိုပါတယ်။

နယ်စပ်မှာ ဆန်ရောင်းဝယ်ဖောက်ကားမှု လုပ်ဆောင်ရာမှာ အခက်အခဲ အတား အဆီးတွေ ရှိတာကြောင့် ဆန်တင်ပို့မှု ပမာဏ လျော့ကျသွားတာလို့ ဦးလူမော်မြင့်မောင်က ပြောပါတယ်။

ဒီလို ဆန်တွေပိုနေတာကြောင့် ဆန်အသစ်ထပ်ပေါ်ရင် လယ်သမားတွေ ဈေးနစ်နာ ဆုံးရှုံးမှု မရှိစေဖို့ ဆန်တင်ပို့နေတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အပါအဝင် ဆန်လိုအပ်တဲ့ နိုင်ငံတွေကို ဆန်တန်ချိန် ပိုတင်သွင်းခွင့်ရဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြိုးစား လုပ်ဆောင်နေတာလို့လည်း သူက ရှင်းပြပါတယ်။

Image caption ရိတ်သိမ်းပြီးစ စပါးတွေကို နေပြည်တော်အနီး ကားလမ်းပေါ်မှာ နေလှန်းကြတဲ့ လယ်သမားတွေရဲ့ လုပ်ငန်းခွင်မြင်ကွင်း

ဒါ့အပြင် မြန်မာ့ဆန်ကွဲကို မြန်မာနိုင်ငံက ရောင်းသူနဲ့ တရုတ်နိုင်ငံက ကုန်ဝယ်သူတို့ အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး တရားဝင် လိုင်စင်နဲ့ အခွန် ၅ ရာခိုင်နှုန်း ပေး ဆောင် ရောင်းဝယ် တင်သွင်း နိုင်မယ်လို့ ဦးလူမော်မြင့်မောင်က ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဆန်၊ ဆန်ကွဲတွေကို ထိထိရောက်ရောက် အရေးယူ သွားဖို့လည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဥရောပသမဂ္ဂကိုလည်း ဆန်နဲ့ ဆန်ကွဲ တနှစ်ကို တန်ချိန် ၄ သိန်း ကနေ ၅ သိန်းအထိ တင်ပို့နေပါတယ်။ ဒီလို တင်ပို့ရာမှာ မြန်မာ နိုင်ငံက တင်သွင်းတဲ့ ဆန်တွေအပေါ် အကောက်ခွန် သက်သာခွင့် အထူးအခွင့်အရေး (GSP) ပေးထားပါ တယ်။

ဒါပေမဲ့ ဆန်လုံးရှည်အမျိုးအစား ဆန်မျိုးအတွက် GSPကို ရုပ်သိမ်းခဲ့တာကြောင့် တနှစ်ကို ဒီဆန်လုံးရှည် အမျိုးအစား တန်ချိန် တသိန်းနီးပါးအတွက် အခွန် နစ်နာတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ