ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဆင့်ခေါ်ပြီး မြန်မာ ဘာတွေ ပြောခဲ့လဲ

နယ်ခြားစောင့်
Image caption နယ်စပ်စည်းရိုးမှာ ကင်းလှည့်နေတဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ

ဘင်္ဂလားဒေ့ရှ်ဘက် နယ်ကျွံဝင်လာလို့ ဆိုပြီး ဖမ်းခံထားရတဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေး ကောင်စစ်ဆိုင်ရာ စကားပြောခွင့်ရဖို့ ဒါကာမြို့ မြန်မာသံရုံးက လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

ရဲစခန်းအတွက် အကာအရံ လုပ်ဖို့ဆိုပြီး ဝါးခုတ်သွားကြတဲ့ တပ်ဖွဲ့ဝင် ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရဲတပ်သား အောင်ဘိုဘိုသိန်း ပျောက်ဆုံး နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ဘင်္ဂလားဒေ့ရှ် သံအမတ် မန်ဂျုရူလ် ကာရင်ခန်း ချောင်ဒရီကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ခေါ်ယူ စကားပြောခဲ့တာမှာ ရဲတပ်သား အောင်ဘိုဘိုသိန်း ကိစ္စလည်း ထည့်သွင်းပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ဘီဘီစီကို ပြောပါတယ်။

တဘက်နိုင်ငံထဲ နယ်ခြားစောင့်ရဲတစ်ဦး ဝင်ရောက် ခိုလှုံသွားတယ်ဆိုတဲ့ သတင်းတွေကို ဦးစိုးဟန်က ပယ်ချပြီး၊ မျက်စိလည် လမ်းပျောက်သွားပုံရတယ်လို့ ဦးစိုးဟန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နယ်ကျွံဝင်လာသူ တစ်ဦးကို ထိန်းသိမ်းထားကြောင်း တရားဝင် အကြောင်းကြား လာခဲ့တယ်လို့လည်း ဆိုပါတယ်။

၂ဝ၁၅ တုန်းက ဘင်္ဂလားဒေ့ရှ်ဘက်က ရဲတပ်ဖွဲ့ဝင်တစ်ယောက် မြန်မာဘက်ခြမ်း တရားမဝင် ရောက်လာခဲ့တုန်းက နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အရာရှိတွေ အလံတင် အစည်းအဝေး လုပ်ပြီး ၈ ရက် အတွင်း ပြန်လွှဲပေးခဲ့တယ်လို့ မြန်မာဘက်က ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ အစည်းအဝေးမှာ ထောက်ပြခဲ့ပါတယ်။

အဲဒီ အစဉ်အလာအတိုင်း ရဲတပ်သား အောင်ဘိုဘိုသိန်းကို အမြန်ဆုံး ပြန်လွှဲပေးဖို့ မြန်မာဘက်က တောင်းဆို နေတာ ဖြစ်ပါတယ်။

ကြန့်ကြာနေတဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေး အစီအစဉ်

ဖေဖေါ်ဝါရီ ၂၁ ရက် ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဆင့်ခေါ် စကားပြောခဲ့ကြတဲ့ အကြောင်းအရာတွေထဲ နေရပ် စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် စတင်ဖို့လည်း ပါဝင်တယ်လို့ ဦးစိုးဟန်က ပြောပါတယ်။

ဒုက္ခသည် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား ပူးတွဲ လုပ်ငန်းအဖွဲ့ ရဲ့ စတုတ္တအကြိမ် အစည်းအဝေးကို လာမယ့် ဧပြီလထဲ နေပြည်တော်မှာ ကျင်းပဖို့ မြန်မာဘက်က အကြံပြု ထားတယ် လို့လည်းအစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်စခန်းကနေ မလေးရှားကို သွားဖို့ ပယ်လယ်ထဲ လှေနဲ့ထွက်ခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကယ်ထားရ။ ဖေဖေါ်ဝါရီ ၈ ရက်၊ ၂ဝ၁၉။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကို မြန်မာဘက်က ဆင့်ခေါ်တာ ခုလပိုင်းတွေထဲ နှစ်ကြိမ်မြောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း နိုင်ငံခြားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ခေါ်ယူပြီး ဒုက္ခသည် လွှဲပြောင်းရေး လုပ်ငန်း စတင်ဖို့ ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဘက်က လက်ခံနိုင်တယ်လို့ စိစစ် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို နာမည်စာရင်း ပြန်လည် ပေးပို့ထားတဲ့ ဦးရေး နှစ်ထောင့်လေးရာကျော် ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးတာမျိုး မရှိ ဖြစ်နေတယ်လို့ ဦးစိုးဟန်က ဆိုပါတယ်။

ဟိန္ဒူဘာသာဝင် ဒုက္ခသည် လေးရာကျော် ပြန်လာလိုကြောင်း မြန်မာဘက်က သိထားရပြီး လက်ခံဖို့ အဆင်သင့် ဖြစ်နေပေမယ့်၊ ဘင်္ဂလားဒေ့ရှ်ဘက်က နောက်ဆုံး ပြောလာတဲ့ စကားတွေအရ ဟိန္ဒူ ဘာသာဝင်တွေချည်း သီးသန့် စတင်ပို့မှာ မဟုတ်ဘူးလို့ နားလည် ရပါတယ်။

ကိုယ့် အစီအစဉ်နဲ့ကိုယ် ပြန်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ ရာဂဏန်းလောက် ရှိတယ်လို့လည်း ဦးစိုးဟန်က ပြောပါတယ်။

ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်လာနိုင်ဖို့ လုံခြုံ စိတ်ချရတဲ့ ဝန်းကျင် အခြေအနေမျိုး ရှိရမယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြောနေသလို မြန်မာဘက်ကလည်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး အတွက် အသင့်ဖြစ်နေပြီလို့ ပြောနေပါတယ်။

Image caption ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူဖို့ ကြိုးစာရာက အစိုးရတပ်နဲ့ တိုက်ပွဲ ပြင်းထန်နေတဲ့ အေအေ

ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခ အခြေအနေ

ရခိုင်ပြည်နယ်တွင်း အခြေအနေကို ကြည့်ရင်တော့ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အေအေ အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက် ရှိနေပြီ ဖေဖေါ်ဝါရီ ၂၆ ရက်၊ အင်္ဂါနေ့ မနက်ပိုင်းမှာ ဘူးသီးတောင် မြို့နယ်ထဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

ဒီတစ်ခေါက် တိုက်ပွဲဖြစ်ရာ နေရာဟာ မွတ်ဆလင်ရွာတွေဖြစ်တဲ့ ခေါင်းတိုက်နဲ့ ကာဒီပြင် ဆိုတဲ့ ကျေးရွာနှစ်ရွာကြားမှာ ဖြစ်တယ်လို့ တိုက်ပွဲဖြစ်ရာ အနီးမှာပဲ တည်ရှိတဲ့ ဥယျာဉ်သာရွာက ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း အကျအဆုံး အများအပြား ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေးစိတ် အချက်အလက်တွေကို အတည်မပြု နိုင်သေးဘူးလို့ ရခိုင်ပြည်နယ်ထဲ ရှိနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption အရပ်သားတွေ ရာနဲ့ချီ ဆက်လက် ထွက်ပြေးနေရ။ နေပူခံရွာက ပြေးလာကြတဲ့ မြိုလူမျိုးတွေ။

အရပ်သားတွေ ပျောက်ဆုံးနေ

တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတဲ့ ရခိုင် ပြည်နယ်ထဲ အရပ်သား ပျောက်ဆုံးမှု အရေအတွက်လည်း ဆက်လက် မြင့်တက် လာနေပါတယ်။

မြောက်ဦးနဲ့ ကျောက်တော် မြို့နယ်နှစ်ခုပေါင်းဆိုရင် သိရှိထားသမျှ ပျောက်ဆုံးသူ ၁၁ ဦးရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တိုက်ပွဲတွေ အတွင်းမှာကို ၅ ဦး ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပြီး ကျောက်တော်မြို့နယ်ထဲကဆိုရင် ကျနင်းကန်ရွာက သုံးဦး၊ သာစည်ရွာက တစ်ဦး၊ မြောက်ဦးမြို့နယ်ထဲ တောင်ဦးနဲ့ ရန်အောင်ပြင်က တစ်ဦး စုစုပေါင်း ၅ ဦး ပျောက်ဆုံးနေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ ဇနီးသည်တွေက အကြောင်းကြားလာတဲ့ အတွက် ကျောက်တော် နယ်ခံ ရဲစခန်းနဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးတို့ကို ထူးခြားဖြစ်စဉ် အနေနဲ့ အကြောင်းကြားထားတယ်လို့ ကျနင်းကန် အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ယေက ပြောပါတယ်။

တစ်ခြားဖြစ်စဉ်တစ်ခုမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းက အထည်ပစ္စည်းတွေ လှည့်လည် ရောင်းချသူ ၅ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသလို တိုက်ပွဲတွေကြား အရပ်သားတွေ ပျောက်ဆုံးမှု၊ သေဆုံးမှုတွေရှိနေတဲ့ အတွက် စစ်ပွဲတွေ ပိုမိုကျယ်ပြန့်လာမှာကို လူအများကြား ထိတ်လန့်နေကြတယ်လို့ ဘီဘီစီသတင်းထောက်က ဆိုပါတယ်။