ယုဇနဥယျာဉ်မြို့တော်အိမ်ရာ နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူကို ၂၄ နာရီ အတွင်း ဖမ်းမိပြီ

ယုဇနဥယျာဉ်မြို့တော်အိမ်ရာ နှစ်လောင်းပြိုင်လူသတ်မှု သံသယ ရှိသူကို ဖမ်းမိပြီ ဓာတ်ပုံ မူပိုင် Yangon Police
Image caption ယုဇနဥယျာဉ်မြို့တော်အိမ်ရာ နှစ်လောင်းပြိုင်လူသတ်မှု သံသယ ရှိသူကို ဖမ်းမိပြီ

ယုဇနဥယျာဉ်မြို့တော် အိမ်ရာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုနဲ့ သံသယရှိသူကို တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဒညက်ကျေးရွာအုပ်စု၊ စနေထောင့်ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြစ်မှု ကျူးလွန်တယ်လို့ သံသယ ရှိသူဟာ အသက် ၂၂ နှစ် အရွယ် ထက်ရှိုင်း (ခ) ဖိုးထက် ဆိုသူဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်ပြီး ၂၄ နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

" တရားခံကို ဖမ်းမိထားတာ ဟုတ်တယ်။ အမှုဖြစ်စဉ်ကတော့ ဖော်ထုတ်စစ်ဆေးနေဆဲ ဖြစ်လို့ ပြောလို့မရသေးပါဘူး" လို့ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းရဲ့ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းမောင်က ပြောပါတယ်။

ယုဇနဥယျာဉ် မြို့တော်အိမ်ရာ တိုက်ခန်းအတွင်း အသက် ၂၇ နှစ် အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံး နေတာကို သတင်း ပေးပို့မှုတွေ အရ မတ်လ ၆ ရက် ညနေပိုင်းက တွေ့ခဲ့ရတယ်လို့လည်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းက တာဝန်ကျ ဒုရဲအုပ် ဇော်မင်းထက်က ပြောပါတယ်။

" အမျိုးသားကို ဧည့်ခန်းထဲမှာ ထိုးသွင်းဒဏ်ရာ ၈ ချက်လောက်နဲ့ မှောက်ရက် သေဆုံးနေတာကို တွေ့ရတယ်။ အမျိုးသမီးက ထိုးသွင်းဒဏ်ရာနဲ့ပဲ အိပ်ခန်းထဲမှာ သေဆုံးနေတာ တွေ့ရတယ်၊ သေဆုံးတာ ဘယ်လောက်ကြာပြီ၊ ဘာကြောင့် သေဆုံးတယ် ဆိုတာကို ဆက်စစ်ဆေးနေပါတယ်။ ရန်ကုန်တိုင်း ရဲရုံးက ဆက်သတင်း ထုတ်ပြန် ပေးပါမယ်" လို့ ဒုရဲအုပ် ဇော်မင်းထက်က ပြောပါတယ်။

သေဆုံးသူ ၂ ဦးဟာ ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက် ယုဇနဥယျာဉ်မြို့တော် ၉ လမ်း ၊ A ဘလောက်၊ တိုက်အမှတ် ၅၊ အခန်း ၂၀၄ မှာ နေထိုင်သူတွေ ဖြစ်ပြီး Sweety Home ကုမ္ပဏီရဲ့ အရောင်းဝန်ထမ်း ဖြစ်ကြတယ်လို့ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းက ပြောပါတယ်။

အိမ်ရာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှူးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ တရားလိုလုပ် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

သေဆုံးကြသူတွေက ဘယ်သူတွေဖြစ်ပြီး၊ ဘယ်ဒေသက လာရောက်နေထိုင် ကြတယ်ဆိုတာနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ အဆက်အသွယ် ရရှိမရှိ ကိုတော့ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့တွေ ရုံးမလာလို့ လုပ်ငန်းတူဝန်ထမ်းတွေက လာရောက်ကြည့်ရာကနေ ၂ ဦး စလုံး တိုက်ခန်းအတွင်း သေဆုံးနေတာကို သိရှိကြတာကို ကြားရတယ်လို့လည်း လူသေဆုံးမှုကို သွားကြည့်ရှုခဲ့တဲ့ ယုဇနဥယျာဉ်မြို့တော် A ဘလောက် ၁၁ လမ်းမှာ နေထိုင်တဲ့ ဒေါ်စုစုစိုးက ပြောပါတယ်။

"ဘာကြောင့် အခုလို ဖြစ်ရတာလည်း မသိဘူး၊ ကျမတို့ နေလာတာလည်း ၁၀ နှစ် ကျော်ပြီ၊ ဒီမှာက လူလည်း ပြတ်တာ မဟုတ်ဘူး၊ မြို့တမြို့လို ဖြစ်နေတာ၊ တခါမှလည်း ခုလိုဖြစ်တာမျိုး မကြားဖူးဘူး " လို့ ဒေါ်စုစုစိုးက ပြောပါတယ်။

ယုဇနဥယျာဉ် မြို့တော် အိမ်ရာမှာ ရန်ကုန်မြို့တွင်းနဲ့ ဒဂုံမြို့သစ်မှာရှိတဲ့ စက်မှုဇုန်တွေမှာ နယ်ကနေ အလုပ်လာလုပ်ကြပြီး ငှားရမ်းနေထိုင်ကြသူတွေ များကြတယ်လို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ