တေးရေးကမ္ဘာ သေဆုံးမှုကို ပုဒ်မ ပြောင်းဖွင့်နိုင်တယ်လို့ ရဲစခန်းပြော

သေဆုံးခဲ့တဲ့ တေးရေးကမ္ဘာ ဓာတ်ပုံ မူပိုင် Pe Kabar Nyein Chan FB
Image caption သေဆုံးခဲ့တဲ့ တေးရေးကမ္ဘာ

အဆိုတော်ဂျီလတ်ရဲ့ ညီ တေးရေးကမ္ဘာ(ခ)ဖေကမ္ဘာငြိမ်းချမ်း သေဆုံးမှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ထုံးဘိုရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပေမယ့် အလောင်းဆေးစစ်ချက်အရ အမှုကို ပုဒ်မပြောင်းပြီး ဖွင့်နိုင်တယ်လို့ ထုံးဘိုရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တေးရေးကမ္ဘာကို မတ်လ ၄ ရက်နေ့ မနက်ပိုင်းက နေပြည်တော် ပုဗ္ပသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ သီရိမဏ္ဍိုင်လမ်းမကြီးပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

အလောင်းရဲ့ မျက်နှာဘယ်ဘက်ခြမ်းနဲ့ ဘယ်ဘက်မျက်လုံးမှာ ညိုမည်းနေပြီး ပွန်းပဲ့ဒဏ်ရာတွေအပြင် ဘယ်ဘက်တင်ပဆုံအထက် ဆီးအိမ်နားမှာ ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေတာကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် ဒီအမှုကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ထုံးဘိုရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ဒီနောက်တော့ တေးရေးကမ္ဘာအလောင်းကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးခဲ့ပြီး ဒီသေဆုံးမှုဟာ ယာဉ်တိုက်လို့ သေဆုံးခဲ့ရတယ်ဆိုတဲ့ အဖြေထွက်လာပြီး စခန်းမှာ ဖွင့်ထားတဲ့ ပုဒ်မကိုလည်း လူသေမှုနဲ့ ပြောင်းဖွင့်နိုင်တယ်လို့ ထုံးဘိုရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

အလောင်းမှာ ဘယ်လို ဒဏ်ရာဒဏ်ချက်တွေ တွေ့ရလို့ အမှုကို ပုဒ်မပြောင်းဖွင့်ရတာလဲလို့ ဘီဘီစီက မေးမြန်းတာကို ရဲစခန်းက မဖြေခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Khin Mg Win (Shwe Inn Thar)
Image caption မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တေးရေးကမ္ဘာရဲ့ ဈာပန

တေးရေးကမ္ဘာဟာ အဆိုတော် ရသ သီဆိုတဲ့ 'သစ်ပင်' သီချင်းနဲ့ လူသိများလာခဲ့ပြီး 'ခဏတာ၊ အချိန်လွန်ငှက်၊ မှားလား၊ မြို့ပြလမ်းခွဲ' စတဲ့ နာမည်ကြီး သီချင်းအများအပြားကို ရေးစပ်ခဲ့သူ ဖြစ်ပါတယ်။

တေးရေးကမ္ဘာရဲ့ ဈာပနကိုတော့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ရန်ကုန်မြို့ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်မှာ ပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေနဲ့ အနုပညာအသိုင်းအဝိုင်းက တက်ရောက်ခဲ့ပါတယ်။ ဈာပနမှာ အဆိုတော်ဂျီလတ်က ညီဖြစ်သူကမ္ဘာရဲ့ ဘဝအကြောင်း အမှတ်တရ ချီးမွမ်းစကားပြောရင်း ငိုယိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Khin Mg Win (Shwe Inn Thar)
Image caption တေးရေးကမ္ဘာ ဈာပနမှာ တွေ့ရတဲ့ အဆိုတော် ဂျီလတ်

သေဆုံးမှုနဲ့ ပတ်သက်လို့ အကိုဖြစ်တဲ့ အဆိုတော်ဂျီလတ်ကို ဆက်သွယ်မေးခဲ့ပေမယ့်လည်း လက်ခံမဖြေကြားခဲ့ပါဘူး။

ဈာပနာကို တက်ရောက်ခဲ့တဲ့ အဆိုတော် အနဂ္ဂကတော့ ကမ္ဘာဟာ လူတိုင်းလေးစားအားကျရတဲ့ အနုပညာရှင်ဖြစ်ပြီး လူတိုင်းကိုလည်း ကူညီတတ်သူ တစ်ဦးပါ လို့ ပြောပြပါတယ်။

'ကမ္ဘာဟာ ထိုးသွင်းဒဏ်ရာကြောင့် သေခဲ့တယ်ဆိုရင်လည်း ဘယ်သူက လုပ်ခဲ့တယ်၊ ဒီလိုမှမဟုတ် ကားတိုက်လို့ သေခဲ့တယ်ဆိုရင်လည်း ဘယ်သူကျူးလွန်ခဲ့တယ်ဆိုတဲ့ အဖြေမှန်ကို အမြန်ဆုံး သိချင်ပါတယ်'လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

လောလောဆယ်မှာ တေးရေးကမ္ဘာသေဆုံးမှုကို ရဲစခန်းက တိတိကျကျ ထုတ်ပြန်တာမရှိသေးသလို အမှုကိုကိုင်တွယ်စစ်ဆေးနေတဲ့ ထုံးဘိုရဲစခန်းမှူးနဲ့ ပုဗ္ဗသီရိမြို့နယ်မှူးတို့ကလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းတာကို လက်ခံ မဖြေကြား ခဲ့ပါဘူး။

ဆက်စပ် အကြောင်းအရာများ