ပြည်ပ ပါရဂူဘွဲ့ရ ပထမဆုံး မြန်မာ့ ငှက်ပညာရှင်

ဆရာမကြီး ဒေါက်တာ ဒေါ်မြမြနုနဲ့ သူ့ကြက်တူရွေးများ ဓာတ်ပုံ မူပိုင် Dr Mya Mya Nu
Image caption ဆရာမကြီး ဒေါက်တာ ဒေါ်မြမြနုနဲ့ သူ့ကြက်တူရွေးများ

သြစတြေးလျကို သွားရောက်ပြီး မြန်မာငှက်တွေနဲ့ ပတ်သက်တဲ့ သကုဏဗေဒ ပါရဂူဘွဲ့ရခဲ့သူ ဒေါက်တာ မြမြနုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ငှက်ပညာရှင် ဖြစ်ပါတယ်။

စာတမ်းတင်ပြီးပြန်လာရတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ၆ လ လောက်ကြာမှ အောင်စာရင်းရတယ်လို့ ဆရာမကြီးက ပြောပါတယ်။

ရန်ကုန် ဆေးတက္ကသိုလ် ၂ က သတ္တဗေဒဌာနမှာ လက်ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၀ ခုနှစ်တုန်းက ကိုလံဘို စီမံကိန်းအရ သြစတြေးလျနိုင်ငံမှာ မဟာသိပ္ပံနဲ့ ပီအိပ်ချ်ဒီ ဘွဲ့ အတွက် ပညာသင်ကြားခဲ့ပါတယ်။

University of New South Wales တက္ကသိုလ်မှာ ၁၉၇၀ ခုနှစ်ကနေ ၁၉၇၄ ခုနှစ် အထိ သွားရောက် ပညာသင်ပြီး ပါရဂူ ကျမ်းပြုစုခဲ့ပါတယ်။

အမျိုးသမီးတွေ ပြည်ပမှာ သွားရောက်ပညာသင်ခွင့်ရသူ ရှားပါးလှတဲ့ အချိန်က ထူးထူးချွန်ချွန် သွားရောက် ပညာသင်ကြားရတာ ကိုယ့်ကိုယ်ကိုယ် သိပ်ကို ဂုဏ်ယူမိတယ်လို့ ဒေါက်တာ မြမြနုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Dr Mya Mya Nu
Image caption ငှက်တွေရဲ့ အမူအရာကို အနီးကပ်စောင်ကြည့်လေးလာခဲ့

ဒီလို ပညာသင်ခွင့်ရဖို့က ပညာရေးဌာနက စစ်ဆေးတဲ့ စာမေးပွဲ အပါအဝင် အဆင့်ဆင့် အရည်အချင်း စစ်ဆေးမှုတွေ ခံယူရပြီးမှ သွားခွင့် ရခဲ့တာဖြစ်ပါတယ်။

ဒီလို စစ်ဆေးပြီးတဲ့ အခါမှာ ကိုယ်သွားချင်တဲ့ နိုင်ငံကို သွားခွင့် မရခဲ့ဘဲ အစိုးရက စေလွှတ်တဲ့ နိုင်ငံကိုသာ သွားခဲ့ ရတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်အနေနဲ့ ဆိုရင်လည်း ဒါကို မလုပ်ချင်ဘူး၊ သူ့ကိုယ်ပိုင် ဆန္ဒနဲ့သာဆိုရင် ဇီဝ ကမ္မဗေဒ ဘာသာရပ်နဲ့ အင်္ဂလန်မှာ ပညာလေ့လာ ဆည်းပူးချင်ခဲ့တာလို့လည်း ဆရာမကြီးက ပြောပါတယ်။

မြန်မာပြည်မှာ ငှက်ပညာရှင် တစ်ယောက်မှ မရှိသေးတဲ့ အတွက် ငှက်ပညာကို လေ့လာဖို့ အစိုးရက ခိုင်းတာကို လုပ်ခဲ့ရတာလို့ ဆိုပါတယ်။

သူသွားခဲ့ချိန်က သြစတြေးလျကို သွားရောက်ပညာသင်ချင်သူ မရှိဘဲ သွားဖို့ လျှောက်ထားတဲ့သူ မရှိတဲ့ အတွက် သူ့ကို တမင် စေလွှတ်တာလို့ ဒေါက်တာ မြမြနုက ဆိုပါတယ်။

ပါရဂူ ကျမ်းပြုစုရမယ့် ခေါင်းစဉ်ကိုလည်း ကိုယ့်စိတ်ကြိုက် မဟုတ်ဘဲ ပါမောက္ခက ရွေးပေးတဲ့ ခေါင်းစဉ်ကိုသာ လက်ခံခဲ့ရတာပါ။

ဒီလို လေ့လာရတာကို ပျော်ရွှင် မနေခဲ့ပေမယ့် ဒါကို လုပ်ရမယ်လို့ အစိုးရက ခိုင်းခဲ့တဲ့ အတွက် နိုင်ငံ ကိုယ်စား သွားခဲ့တယ်၊ တာဝန်လည်း ကြီးတယ်၊ စိတ်လည်း ပင်ပန်းတယ်၊ ဒါပေမဲ့ အောင်မြင်အောင် လုပ်ခဲ့တယ် လို့ ဆရာမကြီးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Dr Mya Mya Nu
Image caption ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သြစတြေးလျနိုင်ငံ University of New South Wales တက္ကသိုလ် ရှေ့မှာ

သူ့လိုပဲ တခြားဘာသာရပ်တွေသင်ယူဖို့ သြစတြေးလျ နိုင်ငံကို စေလွှတ်ခံရသူတွေတချို့ကတော့ ရည်မှန်းခဲ့တဲ့ ပါရဂူဘွဲ့ မရခဲ့ဘဲ ပြန်လာရသူတွေလည်း ရှိတယ်လို့ ဆရာမကြီးက ပြောပါတယ်။

သူ့အနေနဲ့ကတော့ ကိုယ့်စိတ်ကြိုက်ခေါင်းစဉ် ရွေးချယ်ရတာမျိုးမဟုတ်ဘဲ အဆင်သင့် ရွေးပေးထားတဲ့ ခေါင်းစဉ်ကိုသာ လုပ်ခဲ့ရပေမယ့် ဒါကလည်း တနည်းအားဖြင့် ကိုယ်ဘာလုပ်ရင် ကောင်းမယ်ဆိုတာ စဉ်းစားစရာ မလိုတော့လို့ အကောင်းဘက်က တွေးရင်တော့ တမျိုး ကောင်းတယ်လို့ သူက ပြောပါတယ်။

ဒေါ်မြမြနု သြစတြေးလျမှာ ကျမ်းပြုခဲ့တဲ့ အချိန်က မြန်မာနိုင်ငံကနေ အဲဒီကို သွားရောက် ပညာသင်သူကလည်း သိပ်မရှိ၊ မြန်မာ အကြောင်းလည်း သူတို့က သိပ်မသိကြတဲ့ အတွက် မြန်မာ ကျောင်းသားတွေကို အထင်သေးကြပြီး ကျမ်းပြုနေတဲ့ ကာလအတွင်းမှာ အနှိမ်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူကတော့ ပညာရအောင်ယူခဲ့ရတယ်၊ အောင်မြင်အောင် မီးကုန်ယမ်းကုန် အလွန်အမင်း ကြိုးစား ခဲ့ရတယ်လို့ ဆရာမကြီးက ဆိုပါတယ်။

ဘာတွေ လေ့လာခဲ့လဲ

ငှက်နဲ့ ပတ်သက်လို့ လေ့လာခဲ့တဲ့ ငှက်အမျိုးအစားတွေ အများကြီး ရှိခဲ့ပေမဲ့ သြစတြေးလျနိုင်ငံ University of New South Wales မှာ ပါရဂူဘွဲ့အတွက် ကျမ်းပြုစုနေစဉ်မှာတော့ ကြက်တူရွေးကိုပဲ လေ့လာခဲ့ပါတယ်။

ကြက်တူရွေးတွေရဲ့ သဘာဝ၊ မျိုးပွားမှု၊ သူတို့ အချင်းချင်း ပြောတဲ့ ဘာသာစကားတွေ အသံ အမူအရာတွေကို လေ့လာခဲ့ပြီး ဘယ်လို အမူအရာဆိုရင် ဘာပြောတာ ဖြစ်နိုင်မလဲ ဆိုတာ အသေအချာ လေ့လာ ကျမ်းပြုခဲ့တာလို့ ဆိုပါတယ်။

ကြက်တူရွေးတွေကို မိုက်ကရိုဖုန်းနဲ့ ချိတ် အသံဖမ်းယူပြီ ဒီငှက်က ဒီကို ဘယ်အချိန်လာလဲ၊ သူ့မိတ်က ဘယ်အချိန်လာလဲဆိုတာ စောင့်ကြည့် လေ့လာခဲ့တယ်လို့ လည်း ပြောပါတယ်။

ငှက်တွေကို ပြန်ယူလာ

သြစတြေးလျ နိုင်ငံမှာ လေ့လာသုတေသန ပြုခဲ့တဲ့ ငှက်တွေကို ဒေါက်တာ ဒေါ်မြမြနုက မြန်မာ နိုင်ငံကို ပြန်လာတဲ့ အခါ တစ်ပါတည်း ယူလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Dr Mya Mya Nu
Image caption မြန်မာပြည်ပြန်တော့ ကြက်တူရွေးတွေ ယူလာခဲ့ပေမဲ့ သိပ်မံဘဲ သေကုန်ခဲ့

သူ့ငှက်တွေက လက်တွေ၊ ခေါင်းတွေပေါ် တက်နေတဲ့အထိ ရင်းနှီးခဲ့တယ်လို့ ဆိုပါတယ်။

ငှက် အကောင် ၂၀ လောက် ပြန်ယူလာခဲ့ပေမဲ့ သိပ်ကြာကြာ မခံဘဲ သေကုန်တယ်လို့ ဆရာမကြီးက ပြောပါတယ်။

တက္ကသိုလ်ထဲက သတ္တဗေဒ အဆောက်အအုံနားမှာ ပါမောက္ခက ငှက်လှောင်ရုံ Aviary ဆောက်ပေးထားပေမယ့် ကျွေးမွေးစောင့်ရှောက်သူတွေက မထိန်းသိမ်းတတ်တာက တစ်ကြောင်း၊ ရာသီဥတုမတူတဲ့ အတွက်ကြောင့် တစ်ကြောင်း ပြန်ယူလာပြီး မကြာခင် အတော်များများ သေဆုံးသွားလို့ ကျန်တဲ့ ငှက်တွေကို တိရစ္ဆာန်ရုံမှာ သွားလှူခဲ့တယ်လို့ သူက ဆိုပါတယ်။

ငှက်ပညာရှင် ဘာကြောင့်နည်းသလဲ

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ငှက်ပညာရပ်နဲ့ ပတ်သက်ပြီး ပါရဂူဘွဲ့ ရသူရတွေ ပေါ်ပေါက်လာခဲ့ပေမဲ့ တခြား ဘာသာရပ်တွေလောက် မများဘူးလို့ ငှက်ပညာရှင်တွေက ပြောကြပါတယ်။

သွားလာလှုပ်ရှားမှု မြန်မာဆန်တဲ့ ငှက်ကို လေ့လာရတာက ဓါတ်ခွဲခန်းတွေထဲမှာ စမ်းသပ်လေ့လာရတာမျိုး မဟုတ်ဘဲ သူတို့နဲ့ ပတ်သက်တဲ့ ဓါတ်ပုံရိုက်တာ အထောက်အထားယူတာကအစ အလွန်ခက်ခဲလို့ ကိုးကားလေ့လာစရာတွေကို ရှာဖွေရတာ ခက်ခဲတယ်လို့ သူတို့က ပြောကြပါတယ်။

ဆရာမကြီးရဲ့ လေ့လာတွေ့ရှိချက်တွေက နောက်လူတွေအတွက် သိပ်ကို အကျိုးရှိတယ်လို့ ၂၀၁၀ မှာ ပြည်တွင်းမှာပဲ ငှက်နဲ့ ပတ်သက်ပြီး ပါရဂူဘွဲရခဲ့တဲ့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။

ဆရာမကြီးရဲ့ စာအုပ်တွေအပြင် နောက်ပိုင်းမှာဆိုရင် ပြည်တွင်းက ပါရဂူတွေ ဖြစ်ကြတဲ့ ဒေါက်တာ ခိုင်ရွှေဝါနဲ့ ဒေါက်တာ ဖေကြီးမောင် တို့ပြုစုထားတဲ့ စာအုပ်တွေကလည်း အများကြီး အထောက်အကူပြုတယ်လို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ