ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်း တိုက်ခိုက်ခံရလို့ ရဲ ၉ ဦး သေဆုံး

ရခိုင်ပြည်မြောက်ပိုင်းမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဓာတ်ပုံ မူပိုင် Getty Images
Image caption ရခိုင်ပြည်မြောက်ပိုင်းမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးမှာရှိတဲ့ ယိုးတရုပ်ကျေးရွာက ရဲကင်းစခန်း တိုက်ခိုက်ခံရလို့ ရဲအုပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်အဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် ၉ ဦး သေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။

မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ ရဲစခန်းကို လက်နက်ကိုင်တစ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ပြီး စခန်းက တပ်ဖွဲ့ဝင်တွေကို လက်နက်ချခိုင်းပေမယ့် တပ်ဖွဲ့ဝင်တွေက လက်နက်မချဘဲ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းကတော့ 'ဒီတိုက်ခိုက်မှုကို ဆန့်ကျင်ဘက်အဖွဲ့က တိုက်ခိုက်တာဖြစ်တယ်ဆိုတော့ တစ်ခုတည်းပဲ ဖြစ်မယ်ထင်တယ်' လို့ ပြောပါတယ်။ ဘယ်အဖွဲ့ကို ဆိုလိုတာလဲ လို့ ဘီဘီစီက မေးရာမှာတော့ တိုက်ခိုက်မှုအပြီး ဘာအထောက်အထားမှ စစ်ဆေးမတွေ့ရသေးတဲ့အတွက် တိတိပပ ပြောလို့မရသေးဘူး လို့ ပြောပါတယ်။

'ဒီနေရာမှာ ဘာဖြစ်တယ်ဆိုတာ လတ်တလော ပြောလို့မရသေးဘူး၊ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဆဲဖြစ်ပါတယ်၊ ဒီနေရာမှာ လုံခြုံရေးတိုးချဖို့ စီစဉ်နေပါတယ်' လို့ ရဲမှူးကြီး ကြည်လင်းကပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲဟာ တစ်နာရီနီးပါးကြာလောက်ဖြစ်ခဲ့ပြီး ည ၁၂ နာရီလောက်မှာ ရန်သူတွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး ၃၈ ဗို့ ခြောက်လုံးပြူး ၁ လက်၊ မောင်းပြန်သေနတ် ၁၁ လက် ပျောက်ဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုနှစ်အစောပိုင်း ဇန်နဝါရီလ ၄ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကျောင်းတောင်၊ ဂုတ်ပီ၊ ခထိလှနဲ့ ငမြင်းဘော် နယ်ခြားစောင့်စခန်း ၄ ခု ကို ရက္ခိုင့်တပ်မတော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်း နယ်ခြားစောင့်တပ်ဖွဲ့အလောင်း ၇ လောင်း သိမ်းဆည်းမိသလို တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ လက်နက်၊ ခဲယမ်း၊ မီးကျောက်အများအပြားကို သိမ်းဆည်းမိခဲ့တယ်လို့ အေအေဘက်က ပြောခဲ့ပါတယ်။

အခုတစ်ခေါက် ဖြစ်စဉ်နဲ့ ပတ်သက်လို့ အေအေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံ မဖြေကြားခဲ့ပါဘူး။