အဂတိ မှု နဲ့ ဖမ်းဆီး ခံရတဲ့ တနင်္သာရီ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ပြစ်ဒဏ် ၁၀ နှစ် ကနေ ၁၅ နှစ် အထိ ကျခံရနိုင်

ဓာတ်ပုံ မူပိုင် Dawei watch
Image caption တနင်္သာရီ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်

မတ်လ ၁၀ ရက်နေ့ က တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ကို အမှုဖွင့်လှစ် ပြီး ဖမ်းဆီး အရေး ယူ ထားကြောင်း မြန်မာ နိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင် က သတင်း ထုတ်ပြန်ပါတယ်။

တိုင်ကြားစာတွေကို စုံစမ်း စစ်ဆေး ခဲ့ရာမှာ ၂၀၁၆ ခုနှစ် ဧပြီလမှာ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ် တက္ကသိုလ်ဝင်း ချုံနွယ် ရှင်းလင်းရေး လုပ်ငန်း၊ ထားဝယ် လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းရေး လုပ်ငန်းတွေမှာ ဒေါ်လဲ့လဲ့မော် ဟာ ဝန်ကြီးချုပ် တယောက်ရဲ့ ရာထူး တာဝန် ကို အလွဲသုံးစားပြုပြီး ငွေကြေး တံစိုးလက်ဆောင် ရယူခဲ့တာကို စစ်ဆေး တွေ့ ရှိခဲ့ရကြောင်း ကော်မရှင် ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ ငြိစွန်း နေတဲ့ အတွက် မတ်လ ၁၀ ရက်နေ့မှာ ထားဝယ် မြို့မ ရဲစခန်းမှာ ပထမ သတင်းပေး တိုင်ကြားချက် နဲ့ အမှုဖွင့် ထားပြီး ဒေါ်လဲ့လဲ့မော် ကို ဖမ်းဆီး ထားကြောင်း ကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုး က ဘီဘီစီ ကို ပြောပါတယ်။

အဂတိ တိုက်ဖျက်ရေး ဥပဒေ အရ ဆက်နွယ်နေတဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ် နဲ့ ဦးသူရအုံ တို့ကိုလည်း ဖမ်းဆီး ထားတယ်လို့ သူက ဆိုပါတယ်။ အဲဒီ လူတွေဟာ ဒေါ်လဲ့လဲ့မော် အဂတိလိုက်စားမှု ကျူးလွန်ဖို့ အတွက် အားပေး အားမြောက် ပြုမှု ၅၅/၆၃ ဥပဒေနဲ့ ဖမ်းဆီး အရေးယူ ခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ACC Myanmar
Image caption အဂတိ ကော်မရှင် ရဲ့ ထုတ်ပြန်ချက်

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် အနေနဲ့ ထားဝယ် လေယာဉ် ကွင်း ချုံနွယ် ရှင်းလင်းရေး လုပ်ငန်းမှာ တင်ဒါ ခေါ်ယူ ခဲ့ပေမယ့် အစိုးရ အဖွဲ့ အစည်းအဝေးမှာ အသိပေး တင်ပြ ပြီး ဆုံးဖြတ်ခဲ့ခြင်း လည်း မရှိဘူး လို့ သိရပါတယ်။

ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ ညွှန်ကြားချက် မရှိဘဲ လမ်းဦးစီး ဌာန ကို ကျပ်ငွေ ၁.၉ ဘီလီယံ ထုတ်ပေးခဲ့ပြီး အဲဒီငွေတွေ ကို သူ့ရဲ့ အိမ်ခြံစည်းရိုး ကာရံ ရာမှာ အသုံးပြုခဲ့တာတွေကလည်း အဂတိ လိုက်စားမှု ဥပဒေ နဲ့ ငြိစွန်း နေတယ်လို့ ဦးကျော်စိုး က ပြောပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ အမှုဖွင့် အရေးယူခံရတဲ့ တနင်္သာရီ တိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် အနေနဲ့ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ဆယ်နှစ် ကနေ ဆယ့်ငါးနှစ် အထိ အရေးယူ ခံရနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူ တွေက ပြောပါတယ်။

လောလောဆယ်မှာ ဒေါ်လဲ့လဲ့မော် နဲ့ အတူ Global Grand Services (GGS) ကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့ကိုလည်း အမှုဖွင့် အရေးယူ ထားပါတယ်။

တနင်္သာရီ ဝန်ကြီးချုပ် ကို သမ္မတ ခွင့်ပြုချက် နဲ့ ဖမ်းဆီး လိုက်တာ ဖြစ်တယ်လို့ ကော်မရှင်ဘက်က ပြောပါတယ်။ ဒေါ်လဲ့လဲ့မော်ကို ဝန်ကြီးချုပ် ရာထူး တာဝန် ကနေ ရပ်ဆိုင်းလိုက်တယ် ဆိုတဲ့ ကြေညာချက်ကို မကြာခင်မှာ ထုတ်ပြန် လာဖို့ ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ