နယ်မြေမလုံခြုံမှုကြောင့် ရခိုင်က ရဲစခန်းနဲ့ နယ်ခြားစောင့်စခန်းတချို့ ရုပ်သိမ်း

ဘူးသီးတောင်မှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘူးသီးတောင်မှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲစခန်း ၅ ခုလောက်နဲ့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေထဲက ရဲကင်းစခန်း ၃ ခုထက်မနည်းကို နယ်မြေ မလုံခြုံမှုကြောင့် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဒီထဲမှာ ရသေ့တောင်မြို့နယ်က အိုးဖောက်နဲ့ ချွတ်ပြင်နယ်ခြားစောင့်စခန်း၊ ဘူးသီးတောင်က စေတီတောင်နယ်ခြားစောင့်စခန်း၊ မင်းပြားက ပန်းမြောင်းရဲကင်းစခန်းတွေ ပါဝင်ပြီး မြို့ပေါ်နဲ့နီးတဲ့ စခန်းတချို့မှာ တပ်ဖွဲ့ဝင်အင်အားတွေ ပူးပေါင်းခဲ့ကြပါတယ်။

'လုံခြုံရေးအခြေအနေအရ အင်အားနည်းတဲ့စခန်းတွေကို ပေါင်းလိုက်ပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းထားလိုက်တာပါ' လို့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးဝင်းသိန်းက ပြောပါတယ်။

မတ်လ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ ယိုးတရုပ်ကျေးရွာရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော် (အေအေ) က တိုက်ခိုက်ခဲ့တာကြောင့် ရဲအုပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ် အဆင့်ရှိတဲ တပ်ဖွဲ့ဝင်တွေအပါအဝင် ရဲ ၉ ဦး သေဆုံးခဲ့ပါတယ်။

ဒီလိုအတိုက်ခံရပြီးတဲ့နောက် တပ်မတော်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓောရွာ အနောက်ဘက် တောင်ကြောတွေမှာ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့သလို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် အမြှောက်တပ်ရင်းကလည်း အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံရွာသားတချို့က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာလည်း နယ်မြေမလုံခြုံမှုကြောင့် ကျေးရွာတချို့က ရဲကင်းစခန်းတွေဟာ ဖျက်သိမ်းပြီး မြို့ပေါ်နဲ့နီးတဲ့ စခန်းတချို့မှာ ပူးပေါင်းခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးဝင်းသိန်းကတော့ ' လတ်တလောမှာ လုံခြုံရေးအင်အား တောင့်တင်းအောင်လုပ်နေပါတယ်၊ တပ်ဖွဲ့ဝင်တွေကိုတော့ လုံခြုံရေးအခြေအနေကို မစိုးရိမ်ကြဖို့၊ ရဲရဲတင်းတင်းနဲ့ လက်ဦးမှုယူဖို့ အဓိက မှာကြားထားပါတယ်' လို့ ဘီဘီစီကို ပြောပါတယ်။