မြစ်ဆုံနဲ့ ဧရာဝတီ အနာဂတ်အတွက် သေရေးရှင်ရေး

မြစ်ဆုံကပိတ်ပြီးဆည်ဆောက်ရင် ဧရာဝတီရဲ့ စည်းချက်တွေလွဲကုန်မယ် ဓာတ်ပုံ မူပိုင် The voice daily
Image caption မြစ်ဆုံကပိတ်ပြီးဆည်ဆောက်ရင် ဧရာဝတီရဲ့ စည်းချက်တွေလွဲကုန်မယ်

မြစ်ဆုံစီမံကိန်း ဆက်လုပ်မှာလားဆိုတဲ့ အမေးကို ဒေါ် အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့အပေါ် မြစ်ဆုံပြန်စတော့မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "တချို့စီမံကိန်းတွေ ကျွန်မတို့အစိုးရ တက်လာမှ လုပ်ချင်တာ လုပ်မယ် ပြောလို့မရဘူး။ အဲဒီလို လုပ်ရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံ ဖြစ်မှာ မဟုတ်ဘူး။ အစိုးရတစ်ခုတက် တစ်မျိုးဖြစ်နေရင် ငါတို့ ဒီနိုင်ငံနဲ့ အလုပ်မလုပ်တာ ကောင်းတယ်ဆိုတာမျိုး ဖြစ်သွားလိမ့်မယ်" လို့လည်း မတ်လ ၁၄ ရက်နေ့က ပြည်မြို့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီစီမံကိန်း ပြန်စဖို့ရှိမရှိ ဒေသခံတစ်ယောက်က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလိုက်တာပါ။ စီမံကိန်းကို အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ချပြီးရင် ချပြမှာဖြစ်သလို ဘာကြောင့် အခုလိုဆုံးဖြတ် ရတယ်ဆိုတာ ကိုရှင်းပြမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နောက်ပြီး မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူတွေကို အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေ စဉ်းစားစေချင်တယ်၊ ဘယ်သူပြောတာကို မှ နားယောင်ဖို့မလိုကြောင်းနဲ့ ရှုထောင့်တစ်ခုတည်းက စဉ်းစားရင် မှားလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်ဘက်ကလည်း လတ်တလော ခြေလှမ်း စိတ်လာ

လတ်တလောကာလတွေမှာ တရုတ်က မြစ်ဆုံနဲ့ပတ်သက်တဲ့ နောက်ထပ် ခြေလှမ်းတစ်ခု အဖြစ် ဒီစီမံကိန်းကို ဆောက်ကိုဆောက်မယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာပါတယ်။

မတ်လ ၁ ရက်နေ့က ယူနန်ပြည်နယ် အစိုးရနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ KBC မြစ်ကြီးနား ဇုန်နယ် အထွေထွေ အတွင်းရေးမှူး သင်းအုပ်ဆရာ ဦးခွန်နောင်တို့ တွေ့ဆုံခဲ့ကြရာမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဦးခွန်နောင်က ပြောပါတယ်။

စီမံကိန်း ဘယ်တော့စမယ် ဆိုတာနဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ ဘယ်လောက် သဘောတူထားတယ် ဆိုတာမျိုးတော့ တရုတ်ဘက်က ထုတ်မပြောခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် The voice daily
Image caption ဒီရက်ပိုင်းမှာ တရုတ်က မြစ်ဆုံနဲ့ပတ်သက်တဲ့နောက်ထပ်ခြေလှမ်းတစ်ခု အဖြစ်ဒီစီမံကိန်း ကိုဆောက်ကိုဆောက်မယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာတယ်လည်းဖြစ်ပါတယ်။

ကချင်ဒေသခံတွေရဲ့ သဘောထား

နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့ (မတ်လ ၁၄ ရက်) မှာတော့ ဧရာဝတီမြစ်ဆုံမှာရှိတဲ့ ငြိမ်းချမ်းခြင်း မယ်တော်ဂူမှာ မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ ဆုတောင်းပွဲကို ဒေသခံတွေက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

အရင်အစိုးရ လက်ထက် ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံ စီမံကိန်းကို တရုတ်အစိုးရက တစ်ကျော့ပြန် စဖို့ပြင်နေကြောင်း ဒေသခံဘာသာရေးခေါင်းဆောင်တွေကို အသိပေးလိုက်အပြီးမှာ ဒေသခံတွေစိုးရိမ်ပူပန်မူတွေ မြင့်လာနေတာလည်းဖြစ်ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မူဟာ မြန်မာတစ်နိုင်ငံလုံး ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီ မြစ်ရဲ့အနာဂတ်အတွက် သေရေးရှင်ရေးလို အရေးပါနေတာကြောင့် ကချင်တွေဘက်က ကန့်ကွက်နေရတာ ဖြစ်တယ်လို့ ကချင်ဓမ္မဆရာ ရစ်ဘောက်ဆန်ကပြောပါတယ်။

Image caption စီမံကိန်း ဖျက်သိမ်းလိုက်ရင် မြန်မာအစိုးရဘက်က ဒေါ်လာ သန်း၈၀၀ ပေးလျော်ရဖို့ ရှိတယ်လို့ တရုတ်အစိုးရအာဘော် သတင်းစာက ရေးပါတယ်။

ပြည်မက လူတွေကရော ဘာလို့ကန့်ကွက်

မြစ်ဆုံဟာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေက စိတ်ဝင်တစားရှိကြသလို ဆည်ပြန်ဆောက်ဖို့ ပြင်လာတာရယ်၊ ဆောက်ဖြစ်အောင်ဆောက်မယ်လို့ ပြင်ဆင်လာတာအပေါ်မှာလည်း စိုးရိမ်မှုတွေရှိ ကြပါတယ်။

မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်ပြီး မြန်မာနိုင်ငံထဲကို ဖြတ်သန်းစီးဆင်းသွားတဲ့ ဧရာဝတီ မြစ်ဟာ မြစ်ဆုံနေရာမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသလို ဧရာဝတီမြစ်ကိုလည်း မှီခိုနေရပါတယ်၊ ကချင်တွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုတွေတင် မကပါဘူး။ မြန်မာလူမျိုးတွေရဲ့ သမိုင်းယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေဟာ မြစ်ဆုံကနေ စတင်လာတဲ့ ဧရာဝတီမြစ်ပေါ်မှာ မှီခိုနေရတာပါ။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့ တစ်နိုင်ငံလုံးက လူထုက ကန့်ကွက်နေကြတာလို့လည်း မြစ်ဆုံအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက မြစ်ဆုံရေကာတာ စီမံကိန်းကို အရွယ်အစား လျှော့ချမလား၊ တခြားနေရာတခုခုကို ပြောင်းရွှေ့ဆောင်ရွက်မလား၊ တခြားစီမံကိန်း တခုခုနဲ့ အစားထိုးမလား စဉ်းစားနေတယ်ဆိုပြီး နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပတဲ့ ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင်တွေဘက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မြန်မာ တစ်နိုင်ငံလုံးက ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ အရေး ဖြစ်တဲ့ အတွက် အားလုံးရဲ့ သဘောထားကို ရယူဖို့ အရေးကြီးတယ်လို့ တရုတ်ဘက်ကို ပြန်ပြောခဲ့ကြောင်း ဦးခွန်နောင်က ဘီဘီစီကို ပြောပါတယ်။

Image caption ကချင်လူမျိုးတွေရဲ့ သမိုင်းဝင်ယဉ်ကျေးမှုတွေ စတင်ရာ တန်ဖရဲရွာဟာ မြစ်ဆုံအနီး တစ်မိုင်ခန့်အကွာမှာ ရှိပါတယ်

ကချင်တွေအတွက် မြစ်ဆုံရဲ့ အရေးပါပုံ

မြစ်ကြီးနားမြို့အနီး မြစ်ဆုံနားက တန်ဖရဲရွာဟာ မေခ၊ မလိခဆုံတဲ့အရပ်၊ မြန်မာပြည်ရဲ့ အဓိက အသက်သွေးကြောကြီးဖြစ်တဲ့ ဧရာဝတီမြစ်အစ မြစ်ဆုံနဲ့ တစ်မိုင်လောက်သာ ကွာဝေးပါတယ်။

တန်ဖရဲ ရွာသူရွာသားတွေက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတဲ့ ကချင်လူမျိုး အများစုဖြစ်ပြီး လယ်ယာခြံမြေလုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ကြပါတယ်။

တန်ဖရဲဟာ ကချင်လူမျိုးတို့ ယဉ်ကျေးမူသမိုင်းမှာ အဓိကဇာတ်ကောင်နေရာက ပါဝင်တယ်လို့ ကချင်လူမျိုး ဓမ္မဆရာ ရစ်ဘောက်ဆန်ကပြောပါတယ်။ ကချင်တွေကတော့သူတို့လူမျိုးတွေ ဖြစ်တည်မှုဒီနေရာက စတယ် လို့ အခိုင်မာယုံကြည်ကြပါတယ်။ သမိုင်းကြောင်းမှာပါနေတဲ့ အရာအားလုံး အတော်များများဟာ မြစ်ဆုံမှာ နာမည်နဲ့တကွ အတိအကျရှိပါတယ်လို့ ဓမ္မဆရာ ရစ်ဘောက်ဆန်က ရှင်းပြပါတယ်။

"ဒီနေရာကြီးမှာ ဆည်ဆောက်ရင် ကျွန်တော်တို့သမိုင်းစဉ်ဆက် ဘိုးဘွားတွေရဲ့သမိုင်းပုံပြင်နေရာတွေ ပျောက်သွားနိုင်တယ်၊ တောင်ယာတွေ ဘိုးဘွားစဉ်ဆက် လုပ်စားခဲ့တဲ့နေရာတွေဆုံးရှုံးသွားနိုင်တယ်" လို့မိုင်းဂျားယန် Institute of Liberal Arts and Sciences က ဆရာ နူးခမ်းလိုင်ဇော်ကပြောပါတယ်။

၂၀၀၁ ခုနှစ် ဒီရွာနားမှာ ဆည်ဆောက်ဖို့ရှိလာတော့ တန်ဖရဲရွာဟာ လွန်ခဲ့တဲ့ငါးနှစ်ကျော်ကရွှေ့ပြောင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ တန်ဖရဲဘုရားကျောင်းကတော့ ဆက်ရှိ နေဆဲဖြစ်ပြီး ကချင်တွေရဲ့ ဘုရားဝတ်ပြု ဆုတောင်းတာအပြင် အရေးကြီးတဲ့ ရိုးရာအခမ်းနားတွေ ကျင်းပနေဆဲ ဖြစ်ပါတယ်၊ ခရစ်စမတ် နှစ်သစ်ကူးပွဲတွေ ဒီဘုရားကျောင်းမှာ ကျင်းပနေဆဲဖြစ်ပါတယ်။

တန်ဖရဲရွာလိုပဲ မြစ်ဆုံမှာဆည်ဆောက်ရင် ထိခိုက်မှုရှိပြီး ပြောင်းရွှေ့ရမယ့်ရွာတွေ၊ အမျိုးသားယာဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် နေရာအဆောက်အအုံတွေ အများပြားရှိပါတယ်။

ကချင်ပြည်နယ် အမျိုးသား လွှက်တော်ကိုယ်စားလှယ် ဦးဂျေယောဝူရဲ့ လွှတ်တော် တင်ပြချက်တွေအရ တန်ဖရဲရွာရှိတဲ့ မြစ်ကြီးနားမြို့နယ် တစ်ခုတည်းမှာပဲ တန်ဖရဲလုခ်မယ်တော်ဂူကြီး၊ ရှေးဟောင်း ဘုရားကျောင်းတော်ကြီး၊ အောင်တော်မူ မြစ်ဆုံစေတီတော်ကြီး၊ မြစ်ဆုံအပန်းဖြေ ရိပ်သာစားသောက်ဆိုင်၊ မြစ်ဆုံ ကျောက်ဆောင်ကြီးများ၊ ရှုခင်းအလှပများ၊ ရွာ ၆ ရွာ တို့ပါဝင်နေပါတယ်။ ဒါ့အပြင် မြစ်ကြီးနားက ဝိုင်းမော်မြို့နယ်မှာလည်း (ဝါရှောင်စေတီ၊ နန့်ဝါးစေတီ၊ မန်ဝင်းစေတီ ) စေတီ သုံးဆူအပါအဝင် ရွာပေါင်း ၁၀ ရွာ ပါနေပါတယ်။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption အစိုးရအဖွဲမှာ တာဝန်မယူစဉ်က မြစ်ဆုံအရေး ကန့်ကွတ်လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရပါတယ်

ဒီစီမံကိန်းစရင် ထိခိုက်မှုရှိပြီး ရွှေ့ပြောင်းရနိုင်တဲ့ အခြားနေရာတွေ ရှိပါသေးတယ်၊ မြစ်ဆုံအထက်ဘက်က ဆွန်ပရာဘွန်မြို့နယ်က ရွာ ၅ ရွာ၊ ပူတာအိုမြို့နယ်ထဲက အင်လွယ်ယန် နတ်ကျောင်း နတ်နန်းဆောင်၊ သမိုင်းဝင်ကျောက်ဆောင် တွေလည်း ပါနေတယ်လို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ၂၀၁၁ စက်တင်ဘာ ၃ ရက် လွှတ်တော်ကို မေးမြန်းတင်သွင်းတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

စာတမ်းဖော်ပြချက်အရဆိုရင် ပူတာအိုက နာမည်ကျော် မူလာရှီးဒီး ကြိုးတံတားဟာ မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်နိုင်တဲ့အခြေနေမှာ ရှိပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက် ဆည်တည်ဆောက်ဖို့ ဆိုင်းငံ့ခဲ့ပေမဲ့ အစိုးရသစ်လက်ထက်မှာတော့ ပြန်စနိုင်မယ်လို့ ယုံကြည်ကြောင်း ဒီစီမံကိန်းကို ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံဘက်က ပြောဆိုထားပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရဘက်က တိကျတဲ့ မှတ်ချက်ပြုတာမျိုး မရှိသေးပါဘူး။

တိုင်းပြည်ရဲ့ ပင်မသွေးကြော

ပညာရှင်တွေထောက်ပြတာကတော့ အထက်ပိုင်းကျတဲ့ မြစ်ဆုံဆည်ဟာ ဧရာဝတီ မြစ်ရေစီးဆင်းမှု ရာခိုင်နှုန်း ၆၀ ကျော်ကို ထိန်းလိုက်မှာဖြစ်လို့ မြစ်အောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဆန်အိုးဒေသ မြစ်ဝကျွန်းပေါ် တစ်ခုလုံး အထက်ပိုင်းမြစ်ရေ စီးဝင်မှု နည်းလာနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီရေတောတွေ ပျက်စီးတာ၊ စိုက်ပျိုးလယ်မြေအများအပြား ပျက်စီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အင်းတော်ကြီးကန်၊ အင်းလေးကန်တို့နဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်းတွေထဲ ရေစီးဝင်မူ နည်းသွားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟာ ကန္တာရ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေကပြောပါတယ်။ မြစ်ဆုံစီမံကိန်းဟာ ၂၀ဝဝ ပြည့်နှစ် နောက်ပိုင်းတွေမှာ အစပျိုးခဲ့ပြီး တရုတ်နိုင်ငံ ပြင်ပမှာ တရုတ်ရဲ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်းမှာ မေခနဲ့ မလိခမြစ်တွေပေါ်မှာ ဆည် ၇ ခုလောက် ဆောက်လုပ်မှာ ဖြစ်သလို မေခနဲ့ မလိခဆုံတဲ့ နေရာနဲ့ မနီးမဝေးမှာ ဆည်ကြီးတစ်ခုလည်း ဆောက်လုပ်မှာ ဖြစ်တယ်လို့ သုတေသန စာတမ်းတွေက ဖော်ပြပါတယ်။

တရားသေ ဖက်တွယ်ဖို့ ပြော

စီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်တာတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းရာ မှာတော့ "ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်ဝန်းကျင် မပြောင်းလဲရေး ဆိုတာမတူဘူး။ ပတ်ဝန်းကျင် မပျက်စီးဖို့ အရေးကြီးတယ်။ သဘာပတ်ဝန်းကျင် မပြောင်းလဲအောင်လုပ်ရင် လုံးဝ မတိုးတက်နိုင်ဘူး" လို့ ပြောပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ တာဝန်သိသိလုပ်မှာ ဖြစ်တယ်၊ ဆုံးဖြတ်ချက်ချရင် နိုင်ငံရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှု ထောင့် ၄ ခု ကနေ ဆုံးဖြတ်မှာ ဖြစ်တယ်ဆိုတာနဲ့ အများပြည်သူသိအောင် ဘာကြောင့်ဆိုတာကိုပါ ရှင်းပြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စီမံကိန်းသာ အကောင်ထည်ဖော်ဖြစ်မယ်ဆိုရင် လျှပ်စစ် ဓာတ်အား မီဂါဝပ် ၆၀ဝဝ အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ၁၅ ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့နေရာတခု ဖြစ်လာမှာပါ။

ဒီစီမံကိန်းမှာ တရုတ်အစိုးရပိုင် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က အများဆုံး ရင်းနှီးမြုပ်နှံထားပြီး မြန်မာအစိုးရနဲ့ အေးရှားဝေါလ် ကုမ္ပဏီတို့လည်း ရင်းနှီးမြုပ်နှံထားကြတာ ဖြစ်ပါတယ်။ စီမံကိန်းဟာ ဒေါ်လာသန်း ၃၆၀ဝ နီးပါး တန်ကြေး ရှိနေပါတယ်။ စီမံကိန်းကို မြန်မာအစိုးရဘက်က ဖျက်သိမ်းလိုက်ရင် ဒေါ်လာ သန်း ၈၀၀ လျော် ပေးရဖို့ရှိတယ်လို့ တရုတ်အစိုးရ အာဘော် ဂလိုဘယ်တိုင်းမ်က ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၄ ရက်နေ့က ပြည်မြို့လူထုတွေ့ဆုံပွဲမှာ ပြောခဲ့သလို မြစ်ဆုံနဲ့ပတ်သက်လို့ တရားသေ ဖက်တွယ်ထားဖို့ မသင့်ဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။

မြစ်ဆုံစီမံကိန်း နဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို လက်ရှိအစိုးရက ဘာမှ ထုတ်မပြောသေးလို့ လူထုက မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပြောလာပုံကို ကြည့်ပြီး ဘယ်လိုပဲ ကန့်ကွက်တဲ့အသံတွေ ရှိနေပေမဲ့ အခုအစိုးရလက်ထက်မှာပဲ မြစ်ဆုံစီမံကိန်း ပြန်စတာမျိုးတွေ့ရတော့မလားလို့ လူထုအကြား စိုးရိမ်မှုတွေ တိုးလာနေတာလည်းပြီဖြစ်ပါတယ်။