ဝက်သားနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တရုတ်တင်သွင်းမှု မြန်မာဘက်က ယာယီပိတ်ပင်တဲ့အကြောင်းအပါအဝင် မတ်လ ၁၃ ရက်နေ့ မနက်ခင်းသိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်နိုင်ငံက ဝက်မွေးမြူရေးခြံတစ်ခြံ

(၁) ဝက်သားနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တရုတ်တင်သွင်းမှု မြန်မာဘက်က ယာယီပိတ်ပင်

တရုတ်နိုင်ငံမှာ အာဖရိကဝက်အပြင်းဖျားရောဂါ ကျရောက်နေတဲ့အတွက် မြန်မာနိုင်ငံထဲကို တရုတ်ဘက်က တင်ပို့လာတဲ့ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြားဝက်ထွက်ပစ္စည်းတွေကို နယ်စပ် လေဆိပ်၊ ရေဆိပ်ပေါက်တွေကတဆင့် သယ်ယူတာ၊ ဝယ်ယူတာနဲ့ ရောင်းချတာတွေကို မြန်မာအစိုးရက ယာယီတားဆီးပိတ်ပင်လိုက်ပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ် ယူနန် အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသတွေ အပါအဝင် ပြည်နယ်တချို့မှာ ကူးစက်ပျံနှံ့နေပြီး ဝက်အကောင်ရေ ၁ သန်း နီးပါးလောက်ကို သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။

လတ်တလောမှာ ဒီရောဂါဟာ လူကိုကူးစက်မှုမရှိသေးပေမယ့် ဝက်တွေမှာ ကူးစက်မှုကို မထိန်းချုပ်နိုင်သေးသလို ရောဂါကာကွယ်ဆေးလည်း မရှိသေးပါဘူး။

စားသုံးသူများကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က 'ခုချိန်မှာ လူကို ကူးစက်တာမရှိသေးပေမယ့် သူရဲ့ ဗိုင်းရပ်စ်မှာ မျိုးစိတ်တစ်ခု ထပ်ကွဲသွားတာမျိုး ပေါင်းသွားတာမျိုး ဖြစ်လာမယ်ဆိုရင် မကူးဘူးလို့ မပြောနိုင်ပါဘူး၊ ဒီလိုအချိန်မှာ အိမ်နီးချင်းမြန်မာနိုင်ငံထဲမှာ ဝက်ခြံတွေကို ဆေးဖြန်းတာမျိုးလို ဇီဝလုံခြုံရေး ဂရုစိုက်ဖို့ လိုပါတယ်၊ အဓိက အရေးကြီးတာက တရုတ်ကလာတဲ့ အေးခဲဝက်သား၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တွေ စားသုံးတာ ရှောင်ကြဉ်ဖို့ လိုပါတယ် လို့ ပြောပါတယ်။

(၂) ရခိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်

ဓာတ်ပုံ မူပိုင် NARINJARA
Image caption တိုက်ပွဲကြောင့် ဆင်သီဖျားရွာသားများ ဆင်သီပိန္နဲတောသို့ ထွက်ပြေးခိုလှုံ

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်မတော် (AA) နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ စစ်တွေမြို့နဲ့ နီးကပ်လာနေပြီဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေရွာနဲ့ ဗုဒ္ဓေါရွာအကြားက နေရာ ၃ ခု တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အစိုးရတပ်ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ နီးလာနေသလိုဘင်္ဂလာဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်ကနေ ရခိုင်ပြည်နယ်ထဲက အနည်းဆုံးမြို့နယ် ၇ ခုလောက်ထိ ကျယ်ပြန့်လာတဲ့ အနေအထား ဖြစ်နေပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကြားဝင် ဖြန်ဖြေပေးတဲ့ အဖွဲ့အစည်းမရှိသလို အစိုးရကလည်း စစ်ပွဲတွေ ရပ်တန့်ကြဖို့ တရားဝင် တစုံတရာ ပြောတာမျိုးမရှိတဲ့အတွက် တိုက်ပွဲတွေဟာ ဒေသတွင်း ပိုမိုကျယ်ပြန့်လာနေပြီး ဒါနဲ့အတူ ပြင်းထန်လာဖို့ ရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

(၃) လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကြောင့် ဘုန်းတော်ကြီး ဂျော့ပဲလ်ကို ထောင် ၆ နှစ် ချမှတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘုန်းတော်ကြီး ဂျော့ခ်ျပဲလ်

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ကာဒီနယ်လ်ဘုန်းတော်ကြီးဖြစ်တဲ့ ဂျော့ပဲလ်ဟာ အသက် ၁၃ နှစ်အရွယ် ကောင်လေး ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့တဲ့ အပြစ်ထင်ရှားတာကြောင့် သြစတြေးလျ တရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၇၇ နှစ် အရွယ် ဘုန်းတော်ကြီး ဂျော့ပဲလ်ဟာ ၁၉၉၆ ခုနှစ်တုန်းက မဲလ်ဘုန်းက ဘုရားကျောင်းအတွင်း ကျောင်းဝေယျာဝစ္စအလုပ်လုပ်တဲ့ ကောင်လေး ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့တာပါ။

ကက်သလစ် ကျောင်းတော်တွင်း ကလေးသူငယ်တွေအပေါ် မတော်တရားပြုမူခံခဲ့ရတဲ့ ကိစ္စတွေကို စုံစမ်းရာမှာ ကာဒီနယ် ဂျော့ခ်ျပဲလ်ဟာ ဝါတော် အကြီးဆုံး ဗာတီကန် အာဏာပိုင် ဖြစ်ပြီး သူကတော့ ကိုယ့်ကိုယ်အပြစ်ကင်းစင်ပြီး စွပ်စွဲမှုတွေအတွက် အသနားခံတင်ပြဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

(၄) ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အီးယူကနုတ်ထွက်ရေး အဆိုပြုချက် ထပ်မံပယ်ချခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဗြိတိန်လွှတ်တော်ကို ဒုတိယအကြိမ်တင်သွင်းခဲ့တဲ့ အီးယူက နုတ်ထွက်ရေး သဘောတူညီချက်ကို မတ် ၁၂ ရက်နေ့ အင်္ဂါနေ့ညပိုင်းက ဗြိတိန် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၂၄၂ မဲ၊ ဆန့်ကျင်မဲ ၃၉၁ မဲနဲ့ အများစုက ကန့်ကွက်ခဲ့ကြပါတယ်။

ဒါဟာ ဇန်နဝါရီလက ဝန်ကြီးချုပ် မေရဲ့ သဘောတူညီချက်ကို လွှတ်တော် အမတ်တွေ ပယ်ချခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်က အီးယူနဲ့ ထပ်ညှိနှိုင်းပြီး သဘောတူညီချက်ကို ထပ်မံ ပြင်ဆင်တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။

မဲရလဒ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းပါဘူး ဆိုပြီးတော့ ဝန်ကြီးချုပ်မေက 'ဗြိတိန်က ဥရောပသမဂ္ဂကနေ သဘောတူညီချက်နဲ့ စနစ်တကျနုတ်ထွက်နိုင်ဖို့က အကောင်းဆုံးရလဒ်ဆိုတာ ဆက်ပြီးတော့ ယုံကြည်နေပါတယ် ကျမတို့ ညှိနှိုင်းခဲ့တဲ့ သဘောတူညီချက်က အကောင်းဆုံး သဘောတူညီချက် ဖြစ်ပါတယ်' လို့ ပြောပါတယ်။

ခုလို သဘောတူညီချက် ပယ်ချခံရပြီး ဖြစ်တဲ့အတွက် မတ်လ ၁၃ ရက်နေ့မှာတော့ သဘောတူညီချက်မယူဘဲ နုတ်ထွက်မလားဆိုတာ လွှတ်တော်မှာ ထပ်မံပြီး မဲခွဲဆုံးဖြတ်ကြဦးမှာ ဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂ ပြောခွင့်ရသူ ဒေါ်နယ်တုစ်ခ်က ဒီလိုရလဒ်ထွက်လာတဲ့အပေါ် စိတ်မကောင်းကြောင်းနဲ့ ဒါဟာ ဗြိတိန် အီးယူက နုတ်ထွက်ရင် သဘောတူညီချက်မယူဘဲ ထွက်ဖို့ အခြေအနေမျိုး ဖြစ်သွားပြီလို့ ပြောပါတယ်။

သဘောတူညီချက်ရဖို့ အီးယူဘက်က ဖြစ်နိုင်ချေရှိသမျှ လုပ်ဆောင်ပေးခဲ့ပေမယ့် အခုလို ရှေ့မတိုးနောက်မဆုတ် အခြေအနေကို လန်ဒန်မှာသာ အဖြေရှာနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

(၅) ဘိုးအင်းကုမ္ပဏီထုတ် ၇၃၇ မက်စ်လေယာဉ်တွေ ပျံသန်းခွင့်ကို ဥရောပမှာ ဆိုင်းငံ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီသီယိုးပီယားလေကြောင်းလိုင်းက ပျက်ကျခဲ့တဲ့လေယာဉ်

၅ လအတွင်း လူအသေအပျောက်များခဲ့တဲ့ လေယာဉ်မတော်တဆ ဖြစ်ရပ် ၂ ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘိုးအင်းကုမ္ပဏီထုတ် ၇၃၇ မက်စ်လေယာဉ်အမျိုးအစားတွေ ပျံသန်းခွင့်ကို ဥရောပမှာ ဆိုင်းငံ့လိုက်ပါတယ်။

မတ်လ ၁၀ ရက်နေ့က အီသီယိုးပီယားလေကြောင်းလိုင်းက အသုံးပြုနေတဲ့ ဘိုးအင်းကုမ္ပဏီထုတ် ၇၃၇ မက်စ်လေယာဉ် ပျက်ကျခဲ့လို့ လူ ၁၅၇ ဦး သေဆုံးခဲ့ပြီးတဲ့နောက် အခုလို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂလေကြောင်းလုံခြုံရေး အေဂျင်စီက ခရီးသွားတွေ လုံခြုံရေးအတွက် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မလေးရှား၊ စင်္ကာပူ၊ တရုတ်နဲ့ သြစတြေးလျ နိုင်ငံတွေကလည်း ဒီလေယာဉ်အမျိုးအစားတွေ ပျံသန်းခွင့်ကို အစောပိုင်းက ရပ်ဆိုင်းခဲ့ပါတယ်။

လေယာဉ်မတော်တဆဖြစ်မှုအပေါ် စုံစမ်းစစ်ဆေးနေစဉ်အတွင်း လေယာဉ်တွေ ပျံသန်းခွင့်ကို ဆိုင်းငံ့ထားဖို့ အမေရိကန်နိုင်ငံရေးသမားတွေကလည်း တောင်းဆိုနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေက ဒီလေယာဉ်အမျိုးအစားတွေ လုံခြုံမှုရှိတယ်လို့ ပြောဆိုနေပါတယ်။