ရွှေ့ပြောင်းသူစာရင်း အသေးစိတ်အချက်တွေပါမယ့် ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၁၉ နိုဝင်ဘာလထဲ ထပ်ကောက်မယ်

၂၀၁၄ သန်းခေါင်စာရင်းမှာ အချက်အလက်တွေ ဖြေခဲ့တဲ့ ရန်ကုန်တိုင်း အလုံမြို့နယ်ထဲက မိသားစုတစ်စု ဓာတ်ပုံ မူပိုင် ပြည်သူ့အင်အားဦးစီးဌာန
Image caption ၂၀၁၄ သန်းခေါင်စာရင်းမှာ အချက်အလက်တွေ ဖြေခဲ့တဲ့ ရန်ကုန်တိုင်း အလုံမြို့နယ်ထဲက မိသားစုတစ်စု

တနိုင်ငံလုံးက လူမှုစီးပွား အသေးစိတ်အချက်အလက်တွေ သိရမယ့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တတိယပတ်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးစီးပြီး နိုင်ငံတဝန်း သီတင်း ၂ ပတ်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။

ဒီကြားဖြတ်သန်းခေါင်စာရင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်မှု၊ ပညာသင်ကြားမှုနဲ့ သက်ကြီးရွယ်အိုတွေရဲ့ အချက်အလက်တွေပါမယ့် ခရိုင်အဆင့်ညွှန်းကိန်းတွေ ရဖို့ကိုလည်း ဝန်ကြီးဌာနက မျှော်လင့်နေပါတယ်။

'ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်တုန်းက ပြည်တွင်းမှာ ပြောင်းရွှေ့သွားလာမှုတွေ များနေတယ်၊ ဒါ့ကြောင့် အခုတခေါက်မှာ ဒီအချက်အလက်တွေကို အသေးစိတ်ကောက်ယူပါ့မယ်' လို့ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

အစိုးရဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူမှုကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လတုန်းက ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ပြည်သူ့အင်အားဦးစီးဌာန
Image caption ၂၀၁၄ တုန်းက ရွှေပြည်သာမှာ သန်းခေါင်စာရင်းကောက်ယူခဲ့မှု

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ကတော့ 'ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စံနှုန်းအရဆိုရင် သန်းခေါင်စာရင်းကောက်ယူမှုကို အနည်းဆုံး ၁၀ နှစ်ခြားတခါမှ ကောက်ယူဖို့လိုပါတယ်'လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအတိုင်းဆိုရင် အစိုးရဟာ လာမယ့် ၂၀၂၄ ကျမှ သန်းခေါင်စာရင်း ကောက်ယူမှု ပြန်လုပ်ရမှာပါ။

'ဒါပေမဲ့ လျင်လျင်မြန်မြန် ပြောင်းလဲလာတဲ့ လူမှုစီးပွားအချက်အလက်တွေကြောင့် အစိုးရအနေနဲ့ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူဖို့ပြင်ရတာပါ ' လို့ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

တကယ်တော့ မြန်မာအစိုးရဟာ ကြားဖြတ်သန်းခေါင်စာရင်း ထပ်ကောက်မယ်လို့ ပြောနေပေမယ့် ၂၀၁၄ တုန်းက ကောက်ထားတဲ့ သန်းခေါင်စာရင်းမှာ မထုတ်ပြန်ရသေးတဲ့ အချက်အလက်တွေလည်း ကျန်နေပါသေးတယ်။

UNFPA ဘက်ကတော့ သန်းခေါင်စာရင်းကောက်ယူမှုမှာ သူတို့အနေနဲ့ ငွေရေးကြေးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပဲ ပေးခဲ့တာဖြစ်ပြီး လူမျိုးစုဆိုင်ရာအချက်အလက်တွေကို အစိုးရကို ပေးပို့ထားပြီးသားလို့ ပြောပါတယ်။

'နိုင်ငံထဲမှာ ကိုယ့်ကိုယ်အမည်နာမ တပ်ထားတဲ့ လူမျိုးစုအနွယ်ဝင် ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်လိုထုတ်ပြန်မယ်၊ ဘယ်အချိန်ထုတ်ပြန်မယ်ဆိုတာကို အစိုးရ ဆုံးဖြတ်ပါလိမ့်မယ်'လို့ UNFPA က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ပြည်သူ့အင်အားဦးစီးဌာန
Image caption KIA တားမြစ်ကျေးရွာတချို့မှာ သန်းခေါင်စာရင်း ကောက်ယူခဲ့

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ တနိုင်ငံလုံးက အသက် ၇ နှစ်ကနေ ၁၅ နှစ်အရွယ် လူငယ် သန်းတဝက်လောက်နီးပါးလောက်ဟာ ကျောင်းမနေဖူးခဲ့သလို စာမရေးတတ် မဖတ်တတ်ကြောင်းနဲ့ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် ၃ ယောက်မှာ အနည်းဆုံး တစ်ယောက်ဟာ ကျောင်းမတက်ကြတော့ဘူးလို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အချက်အလက်တွေမှာလည်း နိုင်ငံတွင်း ဗုဒ္ဓဘာသာ ၈၉.၈ ရာခိုင်နှုန်း၊ ခရစ်ယာန် ၆.၃ ၊ အစ္စလာမ် ၂.၃၊ ဟိန္ဒူ ဝ.၅ ရာခိုင်နှုန်း အသီးသီး ရှိတယ်လို့လည်း UNFPA က ဆိုပါတယ်။

မြန်မာအစိုးရဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကောက်ယူခဲ့ပါတယ်။

နောက်ဆုံးကောက်ယူခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာတော့ မြန်မာနိုင်ငံလူဦးရေဟာ ၅၁.၄ သန်းရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခု ၂၀၁၉ ခုနှစ်မှာတော့ လူဦးရေဟာ ၅၄ သန်းကျော်ရှိနေပြီဖြစ်ပြီး ပြည်သူ့အင်အားဦးစီးဌာနရဲ့ တရားဝင်ဝဘ်စာမျက်နှာပေါ်က အလိုအလျောက်တွက်ချက်မှုစနစ်မှာလည်း မြန်မာနိုင်ငံလူဦးရေဟာ တစ်မိနစ်ကို တစ်ယောက်နှုန်း တိုးနေပါတယ်။

Image caption တစ်မိနစ်ကို တစ်ယောက်တိုးနှုန်းနဲ့ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းကျော်ပြီ

၅ နှစ်ကြာပြီး အခုထပ်ကောက်မယ့် ကြားဖြတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုပေါင်း တသိန်းခွဲကျော်မှာ ကောက်ယူမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းတုန်းက တနိုင်ငံလုံးမှာ ကောက်ကွက်ပေါင်း ရှစ်သောင်းကျော်ရှိပြီး အခုတော့ ကောက်ကွက်ပေါင်း လေးထောင်ကျော်ပဲ ရှိမှာ ဖြစ်ပါတယ်။

'လူဦးရေ ဘယ်လောက်ရှိလဲဆိုတာထက် အသေးစိတ်ပိုကျတဲ့ အချက်အလက်တွေကို ကောက်ယူမှာပါ၊ နမူနာကောက်ကွက်တွေပဲ ကောက်မှာဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာတော့ ကောက်ယူမယ့်အချိန်မှာ ဒေသမတည်ငြိမ်ဘူးဆိုရင် အဲ့ဒါနဲ့ နီးစပ်တဲ့နေရာတွေမှာ ကောက်ယူသွားပါ့မယ်' လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

ကောက်ယူမှုကို အစိုးရဘတ်ဂျက်နဲ့ ကျခံမှာ ဖြစ်ပြီး နည်းပညာအကူအညီကို ကုလအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအလှူရှင်တွေဆီက ကူညီမှုနဲ့ လုပ်ပါ့မယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

လောလောဆယ် လူဦးရေတိုးပွားနှုန်း အချက်အလက်တွေအရ လာမယ့် ၂၀၅၀ ပြည့်ရင် မြန်မာနိုင်ငံလူဦးရေဟာ ၆၅ သန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတာပါ။

အစိုးရအနေနဲ့လည်း ဒီလိုအချက်အလက်တွေကောက်ယူပြီး ပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးလို လူမှုစီးပွားရေး လိုအပ်ချက်တွေ ပြည့်ပြည့်၀၀ ဖြည့်တင်းနိုင်ရေး လုပ်ဆောင်ပေးဖို့နဲ့ အချက်အလက်တွေ ထုတ်ပြန်ပေးဖို့ကို အများစုက မျှော်လင့်နေကြပါတယ်။