မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်ဘက်မှာ မီးခိုးမြူတွေ ဖုံး

ထိုင်း၊ မီးခိုးမြူ၊ မီးခိုးပြာ ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇန္နဝါရီလက မီးခိုးမြူတွေ ဖုံးနေပုံ

ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်နဲ့ ကပ်လျက် မြန်မာနိုင်ငံဘက်ခြမ်းက တာချီလိတ်မြို့နယ်မှာ မီးခိုးမြူတွေ ဖုံးပြီး မီးခိုးပြာတွေ ဆိုးဆိုးဝါးဝါး ကျရောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ယာ မီးရှို့တာတွေ၊ တောမီးလောင်တာတွေကြောင့် အဲဒီ ဒေသတွေမှာ နှစ်စဉ် ဆိုသလို မီးခိုးမြူတွေ ဖုံး၊ မီးခိုးပြာတွေ ကျရောက်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေထက် ပိုဆိုးတယ်လို့ တာချီလိတ်မြို့ခံ စိုင်းဋ္ဌေးလွင်စိုးက ဘီဘီစီကို ပြောပါတယ်။

မီးခိုးပြာတွေ ကျနေတာ ၃ ရက်လောက်ရှိနေပြီ ဖြစ်ပြီး ပြာမှုန်တွေ ရှူနေရတာကြောင့် မျက်စိတွေစပ်၊ ချောင်းတွေ ဆိုးနေကြတယ်လို့ သူက ပြောပါတယ်။

အိမ်ခြံဝင်းတွေထဲမှလည်း ပြာမှုန်တွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ မီးခိုးမြူ၊ မီးခိုးပြာ ပြဿနာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက ဖြေရှင်းပေးတာမျိုး မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုရက်ပိုင်းအတွင်း လူတွေ အပြင်သိပ်မထွက်တဲ့အတွက် စားသောက်ဆိုင်တွေလည်း အရောင်းကျလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထိုင်း လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး ဌာန (PCD )က ရတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေမှုဟာ စိုးရိမ်စရာ အခြေအနေ ရှိနေပြီလို့ သိရပါတယ်။

အင်္ဂါနေ့က ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင် ၉ ခုမှာ ရှိတဲ့ လေထု အရည်အသွေး လေ့လာစောင့်ကြည့်တဲ့ ဌာနတွေရဲ့ တိုင်းထွာချက်တွေအရ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်ဟာ လေထု အရည်အသွေး အကျဆင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နဲ့ ကပ်လျက် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ နေထိုင်နေတဲ့ ဦးတင်မောင်ကလည်း မီးခိုးပြာတွေက အိမ်ထဲအထိ ဝင်လာတဲ့ အခြေအနေ ရောက်နေပြီး အပြင်ထွက်လို့ မရလောက်အောင် မီးခိုးမြူတွေ ဖုံးနေသလို ကောင်းကင်မှာလည်း နီရဲနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြာမှုန်တွေနဲ့ မီးခိုးရှူမိတဲ့ လူတွေလည်း အသက်ရှူကျပ်တဲ့ ဝေဒနာနဲ့ ဆေးရုံတွေမှာ ကုသနေရတယ်လို့ ဆိုပါတယ်။

မီးခိုးမြူတွေ ကျရောက်တတ်တဲ့ ဒီလို ကာလမျိုးမှာ ထိုင်းအစိုးရက နှာခေါင်းစည်းတွေ အခမဲ့ လိုက်ဝေပေးသလို လမ်းတွေပေါ်မှာ မီးသတ်ကားတွေနဲ့ ရေတွေ လိုက်ဖျန်းပေးတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်း တောင်ပေါ်ဒေသတွေမှာ စပါး စိုက်ပျိုးဖို့အတွက် မိုးမကျခင် ခြုံနွယ်ပိတ်ပေါင်းတွေ ခုတ်ထွင် မီးရှို့တာ၊ တောမီး လောင်တာတွေကို မြန်မာအစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ပိတ်ပင်တားဆီးပေးရေးအတွက် ထိုင်းမြန်မာ နယ်စပ် ကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်ကြဖို့ ထိုင်း ဒေသန္တရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ချင်းရိုင် အုပ်ချုပ်ရေးမှူး ပရာဂျွန် ပရက်ချက်စာကူ က တိုက်တွန်းပြောဆိုထားပါတယ်။