ကမ္ဘာတဝန်းက ဖေ့စ်ဘွတ်အကောင့်တချို့ ဝင်မရတဲ့ ပြဿနာကြုံနေရတဲ့အကြောင်းအပါအဝင် မတ်လ ၁၄ ရက်နေ့ မနက်ခင်းသိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖေ့စ်ဘွတ်မှာ အကောင့်တချို့ ဝင်မရတဲ့ ပြဿနာ ကြုံနေရ

(၁) ဖေ့စ်ဘွတ်အကောင့်တချို့ ဝင်မရတဲ့ ပြဿနာ ကြုံနေရ

ကမ္ဘာတဝန်းက ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ တချို့အကောင့်တွေ ဝင်လို့မရတာ၊ ပို့စ်တင်လို့မရတာတွေ ဖြစ်နေပါတယ်။

တချို့ဖေ့စ်ဘွတ်အကောင့်တွေက ဝင်လို့ရပေမယ့် ပို့စ်တင်လို့မရဘူးလို့လည်း ဆိုပါတယ်။ ဘာကြောင့် ခုလိုဖြစ်ရသလဲ ဆိုတာ မသိရသေးပေမယ့် ဒီလိုဖြစ်တာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဖေ့စ်ဘွတ်က ထုတ်ပြန်ပါတယ်။

ဖေ့စ်ဘွတ်နဲ့ ဆက်စပ်နေတဲ့ မက်ဆင်ဂျာ၊ အင်စတာဂရမ်တို့ကလည်း အလားတူ ပြဿနာမျိုး ဖြစ်နေပါတယ်။ ဖုန်းနဲ့ မက်ဆင်ဂျာအပလီကေးရှင်းတွေကို အသုံးပြုသူတချို့က အသုံးပြုလို့ရပေမယ့် ကွန်ပြူတာကနေ အသုံးပြုရင်တော့ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်တိုက်ပွဲအတွင်း ကျေးရွာတွေထဲ ကျလာတဲ့ မပေါက်ကွဲရသေးတဲ့ လက်နက်ကျည်

(၂)ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးဝန်းကျင်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲတွေဟာ မတ်လ ၁၃ ရက်နေ့ မနက်ကတည်းက ဆက်တိုက်ဖြစ်နေခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၇ နာရီကတည်း ညဘက်ရောက်တဲ့အထိ မပြီးဆုံးသေးသလို တပ်မတော်က စစ်ရဟတ်ယာဉ် ၂ စင်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

'ဗုဒ္ဓေါကျေးရွာ အနောက်ဘက် တောင်ကြောတွေကို ပစ်တာပါ။ ည ၈ နာရီကျော်တဲ့အထိ ပစ်နေပါတယ်" လို့ ဆင်သီရွာသားတစ်ဦးက ပြောပါတယ်။

တပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေဟာ ဆင်သီနဲ့ ဗုဒ္ဓေါကျေးရွာ၊ ဗုဒ္ဓေါကျေးရွာနဲ့ မြတ်လှဲကျေးရွာအကြား နေရာတွေမှာ ဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေကို ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွေထဲက ကျေးရွာတွေအထိပါ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၃) ဘရက်ဇစ်အရေး ဒီကနေ့ ထပ်မံ မဲခွဲမယ်

ဓာတ်ပုံ မူပိုင် EPA
Image caption ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ

လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ဗြိတိန် အီးယူက နုတ်ထွက်ရေး ရက်ရွှေ့ဆိုင်းထားဖို့ လွှတ်တော်အမတ်တွေဟာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ မဲပေးကြရဦးမှာ ဖြစ်ပါတယ်။

မဲခွဲရာမှာ အချိန်ဆွဲထားဖို့ အမတ်အများစုက မဲပေးခဲ့မယ်ဆိုရင်၊ အီးယူကလည်း ဒါကို သဘောတူမယ်ဆိုရင် ဗြိတိန်အနေနဲ့ သတ်မှတ်ထားတဲ့ မတ်လ ၂၉ ရက်နေ့မှာ အီးယူကနေ ချက်ချင်းနုတ်ထွက်စရာ မလိုသေးပါဘူး။

ဗြိတိန် ဥရောပသမဂ္ဂက သဘောတူညီချက်မယူဘဲ နုတ်ထွက်မလားဆိုတာ မတ်လ ၁၃ ရက်နေ့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ အမတ်အများစုက ဆန့်ကျင်မဲ ပေးခဲ့ပါတယ်။

သဘောတူညီချက်မယူဘဲ နုတ်ထွက်ဖို့ အမတ် ၃၀၈ ဦးက ထောက်ခံခဲ့ပေမယ့် ၃၁၂ ဦးကတော့ ကန့်ကွက်ခဲ့ကြတာပါ။

မတ်လ ၁၂ ရက်နေ့ညက ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ လွှတ်တော်ကို ဒုတိယအကြိမ် တင်သွင်းခဲ့တဲ့ အီးယူကနုတ်ထွက်ရေး အဆိုပြုချက်ကို လွှတ်တော်က ပယ်ချခဲ့ပါတယ်။

ဇန်နဝါရီလက ဝန်ကြီးချုပ်မေရဲ့ အီးယူက နုတ်ထွက်ရေးအဆိုပြု သဘောတူညီချက်ကို လွှတ်တော်အမတ်တွေက ပထမအကြိမ်ပယ်ချခဲ့ပြီး နောက်တကြိမ် ထပ်မံပယ်ချခဲ့လို့ သဘောတူညီချက်မယူဘဲ နုတ်ထွက်မလားဆိုတာ လွှတ်တော်မှာ ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

(၄) 737 မက်ခ်စ်လေယာဉ်တွေ မပျံသန်းဖို့ အမေရိကန်ကြေညာချက်ထုတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီသီယိုးပီးယားမှာ ပျက်ကျခဲ့တဲ့ ဘိုးအင်း 737 လေယာဉ်

ဘိုးအင်းကုမ္ပဏီထုတ် 737 မက်ခ်စ် 8 နဲ့ 737မက်ခ်စ် 9 လေယာဉ်တွေနဲ့ ဒီလေယာဉ်အမျိုးအစားတွေနဲ့ ဆက်နွယ်နေတဲ့ လေယာဉ်တွေ မပျံသန်းဖို့ အမေရိကန်သမ္မတထရမ့်က အရေးပေါ်တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။

737 မက်ခ်စ်လေယာဉ်အမျိုးအစားအားလုံးဟာ သက်ဆိုင်ရာခရီးစဉ်ပြီးရင် လေယာဉ်တွေထားတဲ့ရုံကို ပို့ဆောင်ဖို့ကိုလည်း သမ္မတထရမ့်က ပြောပါတယ်။

မတ်လ ၁၀ ရက်နေ့က အီသီယိုးပီးယားလေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ ဘိုးအင်းထုတ်737 မက်စ်လေယာဉ်အမျိုးအစားဟာ ၅ လအတွင်း ဒုတိယအကြိမ် ပျက်ကျခဲ့ပြီးတဲ့နောက် ဒီလေယာဉ်တွေကို အနားပေးဖို့ အမေရိကန်တာဝန်ရှိသူတချို့က ငြင်းဆန်နေခဲ့တာပါ။

အမေရိကန်လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကလည်း ကမ္ဘာတဝန်းမှာ ဒီလေယာဉ်အမျိုးအစားတွေကို မပျံသန်းဖို့ တားမြစ်ခဲ့တာကို ဘိုးအင်းကုမ္ပဏီက လက်ခံတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ၊ တရုတ် စတဲ့နိုင်ငံတွေကလည်း ဒီလေယာဉ်အမျိုးအစားတွေကို သူတို့ရဲ့လေကြောင်းပိုင်နက်ထဲမှာ မပျံသန်းဖို့ တားမြစ်ထားပါတယ်။