မြစ်ကြီးနားဂျာနယ်အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်တို့ကို သခင်စစ်သတ္တုတူးဖော်ရေးကုမ္ပဏီက တရားစွဲ

အသရေဖျက်မှုနဲ့ မြစ်ကြီးနားဂျာနယ်ကို တရားစွဲတဲ့ သခင်စစ်ကုမ္ပဏီ ဓာတ်ပုံ မူပိုင် Myitkyina News Journal
Image caption အသရေဖျက်မှုနဲ့ မြစ်ကြီးနားဂျာနယ်ကို တရားစွဲတဲ့ သခင်စစ်ကုမ္ပဏီ

မြစ်ကြီးနားသတင်းဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်၊ ဒုတိယအမှုဆောင်အရာရှိချုပ် ကိုဇော်ထွန်းနဲ့ တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအကြောင်း သတင်းရေးတဲ့ မမွန်းမွန်းပန်တို့ဟာ ကုမ္ပဏီကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်ဆိုပြီး သူတို့ကို အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ အရေးယူပေးဖို့ သခင်စစ်ကုမ္ပဏီက ဝိုင်းမော်မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

သခင်စစ်ကုမ္ပဏီဘက်က တရားစွဲဆိုတာနဲ့ပတ်သက်လို့ မြစ်ကြီးနားဂျာနယ်ရုံးကို မတ်လ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ်တရားရုံးကနေ ဆင့်ခေါ်စာရောက်လာခဲ့ပြီး လာမယ့်မတ်လ ၁၈ ရက်နေ့ကျရင် တရားရုံးမှာ ထွက်ဆိုချက်သွားပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြစ်ကြီးနားဂျာနယ်မှာ တစ်သျှူးငှက်ပျောစိုက်ပျိုးမယ့် သခင်စစ်ကုမ္ပဏီဟာ ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာအုပ်စုမှာ လူထုနဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ မြစ်ကြီးနားဂျာနယ် သတင်းထောက် မမွန်းမွန်းပန်းနဲ့ သတင်းထောက် ၁ ယောက်ကို သခင်စစ်ကုမ္ပဏီဝန်ထမ်းတချို့က ဖမ်းဆီးချုပ်နှောင်တာ၊ သတင်းစာနဲ့ ပါးရိုက်တာ၊ ထိုင်ထလုပ်ခိုင်းတာ၊ ခြိမ်းခြောက် ဆဲဆိုတာတွေ လုပ်ခိုင်းခဲ့ပါတယ်။

အဲ့ဒီအတွက် ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဒိန်ဆောင် အပါအဝင် ကျူးလွန်ခဲ့တဲ့ ဝန်ထမ်း ၆ ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အနိုင်အထက်ပြုမှု၊ ဆဲဆိုမှု၊ နာကျင်စေမှု၊ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှု စတဲ့ ပုဒ်မ ၅ ခုနဲ့ မြစ်ကြီးနားဂျာနယ်က တရားစွဲဆိုထားပါတယ်။

လတ်တလောမှာ ဒီပုဒ်မတွေဟာ ရဲအရေးပိုင်တဲ့ပုဒ်မတွေဖြစ်ကြောင့် ၆ ဦးလုံးကို အာမခံပေးထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။