ရခိုင်မှာ အစိုးရတပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေ ဆက်လက်ဆိုးရွားနေပြီး ဖမ်းဆီးမှုတွေရှိနေ

burma ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်စစ်မျက်နှာက အစိုးရကင်းစခန်း

မတ်လ ၁၄ ရက်က မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကားတန်းကို အေအေက မိုင်းခွဲ တိုက်ခိုက်ရာကနေ တပ်က ပြန်ပစ်လို့ အနားက ရွာသုံးရွာထဲ လက်နက်ကြီး ကျည်ဆံတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။

အမြောက်ဆန်တွေကျလို့ နေအိမ်နဲ့ ကျောင်း ခေါင်မိုးတွေ လန်ထွက်နေတာ တွေ့ခဲ့ရတယ်လို့ ပျက်စီးတာကို ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့တဲ့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် RICHARD SARGENT
Image caption စစ်ဘေးက ပြေးရတဲ့ အမျိုးသမီးနဲ့ ကလေးတွေ

အခုတိုက်ခိုက်မှုအတွင်း တပ်ဘက်က တစုံတရာ အထိအခိုက်တွေတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေထိမှန်

တိုက်ပွဲ ဖြစ်ပွားရာက နှစ် ဖာလုံလောက် အကွာမှာရှိတဲ့ ဘုရားကြီးကျေးရွာထဲကို လက်နက်ကြီးကျည် လေးလုံးလောက် ကျပေါက်ကွဲခဲ့ပြီး အမျိုးသမီးကြီးတဦးကို အမြောက်ဆန်စ ရှပ်ထိမှန်ခဲ့ပါတယ်။

ရွာပြင်မှာ ငါးရှာ ဟင်းခူးနေတဲ့ အသက် ၆၄ နှစ်အရွယ်ရှိ လူကြီးတဦးလည်း ပျောက်ဆုံးနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲကြားက မြေစာပင်ဖြစ်သူတွေ

အနီးအနားက ဘူးရွက်မညိုးကျေးရွာက ဝပ်ရှော့ဆရာ မောင်စိုးဝင်းမှာဆိုရင် တင်ပါးမှာ ကျည်ဆံထိမှန်ပြီး ဒဏ်ရာပြင်းထန်ပြီး စစ်တွေဆေးရုံကို တင်ပို့ ကုသနေရပါတယ်။

မောင်စိုးဝင်း ဒဏ်ရာရတာဟာ စစ်တပ်ကနေ ခြောက်လှန့်ပစ်ခတ်ရာမှာ ထိမှန်ခဲ့တာလို့ ဖခင်ဖြစ်သူ ဦးဘစောက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ပေမယ့် အစည်းအဝေးထဲ ရောက်နေတယ်လို့ ပြောဆိုလာတဲ့ အတွက် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါဘူး ။

လူနာကို ဖမ်းစစ်

တခါ မြောက်ဦးမြို့ ဆေးရုံကြီးကို ပန်းမြောင်း သပေါ့စာတဲစုကနေ ငှက်ဖျားဖြစ်ပြီး သတိမေ့နေတဲ့ ကိုလှမောင်ဝင်းနဲ့ လူနာလာပို့သူ ခြောက်ဦး၊ ကားသမား သုံးဦးတို့ကို စစ်တပ်က မသင်္ကာတဲ့ အတွက် ဖမ်းဆီး စစ်ဆေးရာမှာ ကိုလှမောင်ဝင်း မတ်လ ၁၄ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။

ကျန်တဲ့ လူငယ် ကိုးဦးကိုလည်း ရမန်ယူပြီး မြောက်ဦးမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။