ဖွဲ့စည်းပုံပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေပါတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ဖို့ တိုင်းရင်းသားပါတီ အချို့တင်ပြ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ၀ ပြည်နယ်ထဲက ပန်ခန်းမြို့ ဓာတ်ပုံ မူပိုင် Xiao Lu Chu/Getty Images
Image caption ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ၀ ပြည်နယ်ထဲက ပန်ခန်းမြို့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေပါတဲ့ပြဋ္ဌာန်းချက်ကို ပယ်ဖျက် ဖို့တိုင်းရင်းသားပါတီကိုယ်စားလှယ်အချို့ကအကြံပြုတင်ပြခဲ့ကြပါတယ်။

မကြာသေးခင်ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပါ ပူးပေါင်းကော်မတီ အစည်းအဝေးမှာတင်ပြခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာကိုယ်ပိုင်အုပ်ခွင့်ရဒေသ ၆ ခုရှိပါတယ်။

စစ်ကိုင်တိုင်းဒေသကြီးမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်မှာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပအို့ဝ်ကိုယ်ပိုင် ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နဲ့ဟိုပန် မိုင်မော ပန်ဝိုင် နားဖန် မက်မန်း ပန်ဆန်းမြို့နယ်ခြောက်ခုကို တော့ 'ဝ'ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေ ဆိုပြီးဖွဲ့ စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

အဲဒီလိုပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၂ ) ပုဒ်မ ၅၆ ပါ ပြဋ္ဌာန်းချက်အားလုံးကို ပယ်ဖျက်ဖို့ ၄၅ ဦး ကော်မတီမှာ ပါတဲ့ တိုင်းရင်းသားပါတီအချို့ရဲ့ကိုယ်စားလှယ်တွေက တင်ပြခဲ့တယ်လို့ကော်မတီမှာပါဝင်တဲ့ ကိုယ်စားလှယ်အချို့က ဘီဘီစီကို ပြောပါတယ်။

' ' အဓိကဒီပြဿနာက ရှမ်းပြည်နယ်ထဲက ပြဿနာပါ။ ရှမ်းပြည်နယ်ထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာ နဲ့ပတ်သက်လာရင် သေသေချာချာစဉ်းစားပြီးတော့ဆွေးနွေးဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတင်မကဘူး ။ရှမ်းပြည်နယ်ထဲမှာတိုင်းရင်းသားတွေနဲ့ကျန်တဲ့သူတွေရောနှောနေနိုင်တဲ့ဒေသတွေနဲ့ပတ်သက်လို့လေည်း ရှမ်းတွေကိုယ်တိုင်ရော ကျန်တဲ့သူတွေရော ဘယ်လိုဖြေရှင်းမလဲဆိုတာ အင်မတန်ဆွေးနွေးအဖြေရှာသင့်တဲ့ကိစ္စလို့ထင်ပါတယ်။ ' ' လို့ လက်ရှိရှိထားပြီးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ပယ်ဖျက်ဖို့ဆွေးနွေးအကြံပြု လာတဲ့အပေါ် နိုင်ငံရေးလေ့လာသူစာရေးဆရာ ဦးမောင်မောင်စိုးကဘီဘီစီကိုသုံးသပ်ပြောဆိုပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုဆိုပြီး ပိုင်းခြားထား တာကို တိုင်းဒေသကြီးနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြဋ္ဌာန်းချက်ကိုပယ်ဖျက်ပြီး ပြည်နယ်ပုံစံ ဖွဲ့စည်းဖို့ တိုင်းရင်းသားပါတီကြီးတချို့ရဲ့ကိုယ်စားလှယ်တွေက အကြုံပြုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ရေးဆွဲတဲ့အခါ ဆွေးနွေးဖို့ထည့်သွင်းမှာဖြစ်တယ်လို့သိရပါတယ်။

ဒီပုဒ်မကိုပြင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၀၈ ဖွဲ့စည်းပုံအခက်အခဲကို ဘယ်လို ကျော်လွှားနိုင်မလဲ

ဒီသတင်းနဲ့ပတ်သက်သမျှ