မြောက်ဦးမှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်၊ ရှေးဟောင်း စေတီတချို့ ပျက်စီး

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မြောက်ဦး ယဉ်ကျေးမှု ဒေသ ဓာတ်ပုံ မူပိုင် မေစံ
Image caption ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မြောက်ဦး ယဉ်ကျေးမှု ဒေသ

ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့ကမြို့ပေါ်ရပ်ကွက်တွေထဲမှာ မတ် ၁၅ ရက် ည ၁၀ နာရီ ကျော်ကျော်မှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သလို ရှေးဟောင်းစေတီတချို့လည်း ပျက်စီးထိခိုက်တာတွေရှိခဲ့တယ်လို့ မြောက်ဦး မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

မတ် ၁၅ ရက်နေ့ ညပိုင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးငယ်တွေဟာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ရာဇ်ကေရပ်ကွက်၊ ထမ္မရာဇ် ရပ်ကွက်စတဲ့ ရပ်ကွက်တွေထဲ အထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

'' ကျောက်ရာဇ်ကေရပ်ကွက်မှာဆိုရင် အိမ်ခေါင်မိုးတွေဇကာပေါက်ဖြစ်သွားပြီး ဒေါ်ခင်ခင်သိန်းဆိုတဲ့ အမျိုးသမီးကို ထိသွားလို့ ဆေးရုံတင်ထားရတယ်။ ကျွန်တော်တို့ ထမ္မရာဇ်မှာတော့ လူနေအိမ်တွေနဲ့ သိပ်မဝေးတဲ့ စာသင်ကျောင်းရှေ့မှာ လောင်ချာခေါ်မလား မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တစ်ခုကျ လာတယ်။ ထပေါက်ကွဲမှာကြောက်လို့ ဝေးဝေးကနေပဲ အဲနေရာကို ခြံခတ်ထားတယ်။'' လို့ ထမ္မရာဇ် ရပ်ကွက်မှာနေထိုင်တဲ့ ဦးလှကျော်က သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဘီဘီစီကိုပြောပြပါတယ်။

ရပ်ကွက်ထဲကျနေတဲ့ လက်နက်ကြီးကို ဖယ်ရှား ပေးဖို့တော့ လွှတ်တော်ကိုယ်စားလှယ်ကို အကြောင်းကြား ထားတယ်လို့လည်း ဦးလှကျော်ကပြောပါတယ်။

မတ် ၁၅ ရက်ညပိုင်းက ပစ်ခတ်မှုတွေကြောင့် ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ သျစ်သောင်းပုထိုးအနီးမှာလည်းပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဆင်ချဆိပ်ရပ်ကွက်ရှိ ရှေးလက်ရာတစ်ဆူဖြစ်တဲ့ အနောက်မြေထဲ စေတီအောက်ခြေပိုင်းကိုလည်း လက်နက်ကြီးထိမှန်ခဲ့တဲ့အတွက် ပျက်စီးတာတွေရှိနေတယ်လို့ မြောက်ဦးမြို့ခံတွေကပြောပါတယ်။

' ' ထုက္ကသိမ်နားမှာဆို ပေါက်ကွဲမှုတွေရှိခဲ့တယ်။ အရင်က တိုးရစ်တွေအလာများပေမယ့် ဒီနှစ်က ဘာမှ အခြေအနေမဟန်ဘူး။ ဆိုးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနှစ်ဆို တစ်ခေါက်မှကို မသွားရတာ။ နိုင်ငံခြားသားဧည့်က အဲလောက်ထိရှားသွားတယ်။ တချို့ FIT အလွတ်ရောက်တာတွေ အနည်းအကျဉ်း တော့ရှိပေမယ့် နှစ်တိုင်းထက်စာရင်တော့ အောက်ဆုံးအဆင့်ကိုရောက်သွားတယ်လို့ တွေ့ရတယ်။'' လို့ ဧည့်လမ်းညွန်တစ်ဦးလည်းဖြစ်တဲ့ မြောက်ဦးမြို့ခံ ကိုထွန်းနေဝင်းက ဘီဘီစီကိုပြောပြပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့အတော်များများမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ အကြားတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် နှစ်ဘက်ထိတွေ့မှုတွေလည်းခပ်စိပ်စိပ်ဆိုသလိုရှိနေပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်းဆက်တိုက်ဆိုသလို တိုးလာ နေပါ တယ်။

မနေ့က မတ် ၁၅ရက်နေ့က ပစ်ခတ်မှုထဲက လူနေရပ်ကွက်တွေထိ ကျလာတဲ့ လက်နက်ကြီးငယ် တွေ ကတော့ မြန်မာ့ တပ်မတော်ရဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ မြောက်ဦးမြို့ပေါ်ရပ်ကွက်မှာနေထိုင် သူ အများစုက ဘီဘီစီကို ပြောကြပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ဘီဘီစီအနေနဲ့ တပ်မတော်ဘက်ကို သီးခြားအတည်ပြုချက်တော့ မရယူနိုင်သေးပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုကျဆင်းလာခဲ့သလို အခုလို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာပါ ပစ်ခတ် တိုက်ခိုက်မှုတွေရှိလာတာကြောင့် မြောက်ဦးဒေသရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့ဆိုတာဟာ ပိုမိုခက်ခဲလာနိုင်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

ဒီသတင်းနဲ့ပတ်သက်သမျှ