နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက္ခိုင့်တပ်မတော် တက်မယ်

AA ဘက်က ဗိုလ်မှူးကြီး ကျော်ဟန် (ပုံ - အလယ်) ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ရှိ ဓာတ်ပုံ မူပိုင် Saw Yan Naing
Image caption AA ဘက်က ဗိုလ်မှူးကြီး ကျော်ဟန် (ပုံ - အလယ်) ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ရှိ

မတ်လ ၂၁ ရက် နေ့ ကျရင် နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရက္ခိုင့်တပ်မတော် (AA) က တက်ရောက်မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ (FPNCC ) အဖွဲ့ဝင် ညီနောင် မဟာမိတ် တိုင်းရင်းသား အဖွဲ့ရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ ရက္ခိုင့်တပ်မတော်ဘက်က ငြိမ်းချမ်းရေးပွဲကို တက်ရောက်မှာ ဖြစ်ပြီး အဖွဲ့ကို ဗိုလ်မှူးကြီး ကျော်ဟန် က ဦးဆောင်မယ်လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲ တွေဟာ လက်ရှိမှာ ရန်ကုန်- စစ်တွေ ကားလမ်း မြောက်ဦး မြို့နယ်ဘက် အထိ ကျယ်ပြန့်လာနေပြီး ဒေသခံ အရပ်သားတွေ ထိခိုက်ပျက်စီးတာတွေ ရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း ထောင်နဲ့ ချီ ရှိလာပါပြီ။

လာမယ့် နေပြည်တော် ဆွေးနွေးပွဲမှာတော့ အစိုးရဘက်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကိစ္စ ဆွေးနွေးလာမယ် ဆိုရင်လည်း ရက္ခိုင့်တပ်မတော် အနေနဲ့ အခြား တိုင်းရင်းသား မဟာမိတ် တွေနဲ့ ညှိနှိုင်းပြီး FPNCC ရဲ့ မူအတိုင်း ရပ်တည်သွားမယ်လို့ ခိုင်သုခက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲက အနေအထားကို သုံးသပ်ပြီး တပ်မတော်နဲ့ သီးသန့်တွေ့ဆုံဖို့ကိုလည်း နေပြည်တော်ရောက်မှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ
ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်က တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာရသူတွေ ထောင်ချီ ရှိနေ

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနရဲ့ ဆွေးနွေးပွဲ ဖိတ်ကြားလွှာမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ခု ချင်းစီအနေနဲ့ တွေ့ဆုံ ဆွေးနွေးလိုပါက တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့က မတ်လ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းအရ ဘယ်လို ဆွေးနွေး အဖြေရှာကြမလဲ ဆိုတာက အဓိက ကျတယ်လို့ ခိုင်သုခက ပြောပါတယ်။

အစိုးရနဲ့ စစ်တပ် နှစ်ဘက်လုံးနဲ့ ညှိနှိုင်းနိုင်မှ အဆင်ပြေမယ့် သဘော ရှိတယ်လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရက ဘယ်လိုပဲ သဘောထား ရှိပေမယ့် တပ်မတော်နဲ့ သဘောတူညီမှု မရရင် ရှေ့ဆက်မရတဲ့ အနေအထား ရှိတယ်လို့ ခိုင်သုခက ထောက်ပြပါတယ်။

နိုင်ငံရေး ပြဿနာကို အခြေခံ ပြီး ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဆူပူ သောင်းကျန်းမှု လို့ ဖော်ပြတာတွေ ရှိနေလို့ ဒါဟာ နိုင်ငံရေး ပြဿနာ အပေါ် အလေးမထားတာကို ပြသနေတယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။

မတ် ၂၁ ရက်နေ့ နေပြည်တော် ဆွေးနွေးပွဲကနေ လက်ရှိ စစ် ဖြစ်နေတဲ့ တပ်မတော်နဲ့ အေအေ ကြား တိကျ ခိုင်မာတဲ့ အဖြေ တစ်ခု ရနိုင်မယ်လို့ တော့ ပြောဖို့ စောနေသေးပြီး ငြိမ်းချမ်းရေး ဗဟိုဌာနက ဖိတ်ထားတဲ့ ဖိတ်စာ အတိုင်း တွေ့ဆုံ ဆွေးနွေးကြမယ် ဆိုတဲ့ သဘောပဲ ရှိတယ်လို့ ခိုင်သုခက ပြောပါတယ်။

ငြိမ်းချမ်းရေး ဗဟိုဌာနက မတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေကတော့ 'ဝ' ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် အရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကေ်ာမတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနဲ့ တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) တို့ ဖြစ်ပါတယ်။

နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ပြင်ဆင် နေချိန်မှာပဲ ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက် ဖြစ်နေပြီး မြို့အပေါ် အထိ ကျယ်ပြန့်လာကာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ထိမှန်လို့ အရပ်သားတွေ ထိခိုက် ဒဏ်ရာ ရတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း

ဒီသတင်းနဲ့ပတ်သက်သမျှ